နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အချို့က စိတ်ဝင်စားမှု များပြားနေပြီး ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားကြောင်း ကာယ ကံရှင်များက မဇိ်္စျမကိုပြောသည်။
လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူများကို ရွှေ့ ပြောင်း ခန့်အပ်ထားခြင်းဖြစ်သော်လည်း ကော်မတီဝင်များကို ပြည်သူလူထုက မဲပေးရွေးချယ်ရန် အစိုးရက ပြင်ဆင် လိုက်ခြင်းဖြစ်သည်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ၌ ရန်ကုန်မြို့တော် ကော်မတီဝင်လေးဦး၊ ခရိုင်လေးခုမှ ကိုယ်စားလှယ် သုံးဦးစီ၊ မြို့နယ်ပေါင်း ၃၃ မြို့နယ်မှ မြို့နယ်တစ်ခုလျှင် ကိုယ်စားလှယ် သုံး ဦးစီဖြင့် စုစုပေါင်း ၁၁၉ ဦးတို့ကို ရွေးချယ်သွားမည်ဖြစ်သည်။
ရန်ကုန်မြို့တော် ကော်မတီဝင်အဖြစ် မြောက်ပိုင်းခရိုင်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားသူ ကရင် အမျိုးသမီးဖွံ့ဖြိုး ရေးတိုးတက်ရေးအဖွဲ့ KWEG ၏ ဒါရိုက်တာ နော်စူစန်နာလှလှစိုးက “နိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှုတွေမှာ အနိမ့်ဆုံးအဆင့်အနေနဲ့ ရန်ကုန်မြို့က ပြည်သူလူထုရဲ့ လိုအပ်ချက်ကို တောင်း ဆိုချက် တွေကို ဖြည့်ဆည်းပေးနိုင်အောင် ဖြေရှင်းပေးနိုင်အောင် ၀င်ပြိုင်ဖြစ်တာပါ”ဟု၎င်းက ဆိုသည်။
နော်စူစန်နာလှလှစိုးသည် ရန်ကုန်တက္ကသိုလ်၌ မဟာသိပ္ပံ (ဇီဝဗေဒ) ဘွဲ့ရရှိ ခဲ့ပြီး အမေရိကန် ပြည်ထောင်စု တွင် စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ MBA ရထားသည်။
ယင်းအပြင် နိုင်ငံရေးတက်ကြွလှုပ်ရှား သူတစ်ဦးဖြစ်သူ ဦးဝင်းချိုကလည်း ရန်ကုန်မြို့တော် စည်ပင်ကော် မတီဝင်အဖြစ် ဝင်ရောက်ရွေးချယ်ခံမည်ဟုု ပြောသည်။
၎င်းက “စည်ပင် ကော်မတီဝင်ဖြစ်လာပြီဆိုရင် ခုလုပ်နေသလို တောင်းဆိုသွားမှာပဲ။ အများပြည်သူ အကျိုး အတွက် ပိုပြီးတောင်းဆိုသွားမှာပါ လုပ်ထုံးလုပ်နည်း လေးတော့ကွဲသွားမှာပေါ့” ဟု ပြောသည်။
အဆိုပါ စည်ပင်ရွေးကောက်ပွဲကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအပြင် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် တစ်ဦးဖြစ်သည့် ဦးဖုန်းမြင့်အောင်ကလည်း ရန်ကုန်မြို့ တော်ကော်မတီဝင်အဖြစ် အရှေ့ပိုင်းခရိုင်မှ ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်။
ဦးဖုန်းမြင့်အောင်က “လက်ရှိ စည်ပင်ရဲ့ လုပ်ပုံကိုင်ပုံတွေက ပွင့်လင်းမြင်သာမှုမရှိသလို အမှားလုပ်နေ တာတွေလွဲနေတာ တွေကိုတွေ့နေရတယ်။ ကော်မတီဝင်တစ် ယောက်အနေနဲ့ ဒါတွေကို ၀င်ထိန်းပေးနိုင် အောင်နဲ့ ပြည်သူအတွက် ပိုတောင်းဆိုနိုင်အောင် ၀င်ပြိုင်ဖြစ်တာပါ” ဟု ဆိုသည်။
အဆိုပါ စည်ပင်ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်သူများသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဆိုသော ကြောင့် အမျိုးသားဒီမိုကရေစီပါတီသစ်မှ နုတ်ထွက်ထားပြီး လွှတ်တော်အလုပ်များဖြင့် တွဲဖက်လုပ်ဆောင် သွားမည်ဟု ၎င်းကပြောသည်။
လက်ရှိအချိန်တွင် ကိုယ်စားလှယ် လောင်းအဖြစ် စာရင်းပေးသွားထားသူများကို အောက်တိုဘာ ၂၉ နှင့် ၃၀ ရက်တွင် ရန်ကုန်မြို့တော်ခန်းမ၌ လူတွေ့စစ် ဆေးသွားမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရှိသူများကို နိုဝင်ဘာလဆန်းတွင် ကြေညာမည်ဟု စည်ပင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် တစ်ဦးက မဇိ်္စျမကိုပြောသည်။