ပြည်ထောင်စုလွှတ်တော်၏ မေးခွန်းထုတ်ဝေဖန်မှုကြောင့် ဗိုလ်ရှုခံ အဆောက်အအုံ ဆောက်လုပ် စရိတ်ကို နိုင်ငံတော် သမ္မတ ရန်ပုံငွေဖြင့် ပြောင်းလဲကျခံသုံးစွဲ သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးဦးစိုးတင့်က အောက်တိုဘာ ၂၈ ရက်တွင် လွှတ်တော်သို့ ပြောသည်။
“ဗိုလ်ရှုခံ အဆောက်အအုံ ဆောက်လုပ်ခြင်းကို နိုင်ငံတော်သမ္မတ၏ သီးသန့် ရန်ပုံငွေဖြင့် ကျခံသုံးစွဲရန် ပြောင်းလဲ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ပင် သမ္မတ သုံးစွဲခွင့်ရှိသည့် သီးသန့်ရန်ပုံငွေ အခွင့်အရေးကို ပေးအပ်ထား သည်ဖြစ်၍ ထိုသို့ ပြောင်းလဲ သုံးစွဲခြင်းကြောင့် ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ရယူရန် လိုအပ်တော့ မည် မဟုတ်ပေ။
ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စီမံချက်အသစ်ဖြစ်သော ဗိုလ်ရှုခံစင်မြင့် တည်ဆောက်ခြင်း လုပ်ငန်းအတွက် ကျပ်သန်း ပေါင်း ၆၄၅၀ ဒသမ ၆၆ သန်းမှာ BE တွင်မပါဘဲ ယခုမှဖြည့်စွက်ခွင့်ပြုငွေတွင် ကျပ်သန်းပေါင်း ၃၀၀၀ တောင်းခြင်းမှာ မဖြစ်သင့်ဟု အောက်တိုဘာ ၂၄ ရက် တွင် ဆွေးနွေးသည်။
ထိုအပြင် ဗိုလ်ရှုခံစင်မြင့်တည်ဆောက်ခွင့်ကို တင်ဒါခေါ်ယူခြင်းမရှိဘဲ နေပြည်တော်တစ်ဝန်းလုံးတွင် ဆောက် လုပ်ခွင့်များရရှိသည့် ACE ဆောက်လုပ်ရေးလုပ်ငန်း ရှင်တစ်ဦတည်းကို ပေးအပ်ခြင်းမျိုးမဖြစ် သင့်ကြောင်း၊ အဆိုပါစီမံကိန်းကို မည်သည့် မူဝါဒများဖြင့် ချမှတ်ဆောင်ရွက်နေ သည်ကိုလည်း သိရှိ လိုပါ သည်ဟု လွှတ် တော်တွင် ကိုယ်စားလှယ်က ဆွေးနွေးမေးမြန်းထားသည်
အထက်ပါကိစ္စနဲ့ ပတ်သက်ပြီး ဒုတိယဝန်ကြီးက “ACE ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ပေးအပ်ရခြင်းမှာ လွှတ်တော်နှင့် အိမ််တော် Maintenance လုပ်ငန်းများကို ဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ခြင်း၊အဆောက် အအုံသည် လွှတ်တော်နှင့် အိမ်တော်ဧရိယာအဝင်းအတွင်း တည်ဆောက်ရသည်ဖြစ်၍ လုံခြံုရေးအရ လို အပ်ချက်တို့ကြောင့် အထူးကိစ္စ တစ်ရပ်ဖြစ် ခွင့်ပြုချက်ရယူ၍ တာဝန်ပေး အပ်ခဲ့ခြင်းသာဖြစ်ပါကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်”ဟု ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောသည်။
ဗိုလ်ရှုခံ အဆောက်အအုံတည်ဆောက် ခြင်းအတွက် ဒီဇိုင်းရေးဆွဲခြင်း၊ လိုအပ်သည်များ ပေါင်စပ်ညှိနှိုင်း ခြင်း၊ မူလရန်ပုံငွေတောင်းခံရန် မမီခြင်းနှင့် မူလ ခန့်မှန်းခြေစာရင်းတွင် မပါရှိသော်လည်း ဘဏ္ဍာနှစ်တွင် မဖြစ်မနေသုံးစွဲ ရန်လိုအပ်ခြင်းများကြောင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ်က လုပ်ငန်းစီမံကိန်းကို စစ်ဆေးကြည့်ရာတွင် လိုအပ်သော ပရိဘောဂ ပစ္စည်းများ အတွက် ကျပ် သန်းပေါင်း ၄၂၁ ဒသမ ၉၇၈ သုံးစွဲထားပြီး ဗိုလ်ရှုခံစင်ပြင်ဆင်ရေးအတွက် ကျပ်သန်း ပေါင်း ၅၀၀ သုံးစွဲထားကာ ဗိုလ်ရှုခံစင်မြင့် လျှပ်စစ်လုပ်ငန်းများအတွက် ကျပ်သန်း ပေါင်း ၁,၀၀၀ သုံးစွဲ ထားသည်ဟု ဆိုသည်။
ဆောက်လုပ်ရခြင်းမှာ ယခင် ဒီမိုကရေစီခေတ် အစိုးရများလက်ထက် ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၈ ခုနှစ်ထိ ကျင်းပခဲ့ သည့် ဗိုလ်ရှုသဘင်ကို ပြန်လည်ဖော်ထုတ်ရန် လမ်းညွှန်ချက်အရ တည်ဆောက် ခြင်းလုပ်ငန်းများကို ၂၀၁၄ ခုနှစ် မေလ ကုန်မှစပြီး စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ဒုတိယဝန်ကြီးကပြောသည်။