ပဲခူးတိုင်း ပြည်မြို့တွင် ပညာရေးရံပုံငွေ သိန်း ၆၀၀ နီးပါး အလွဲသုံးစားမှု ဖြစ်ခဲ့ပြီး ပညာရေးဌာနမှ တာဝန်ရှိသူ ဝန်ထမ်းများကို နေပြည်တော် ပညာရေးစီမံခန့်ခွဲမှု ကော်မတီက အရေးယူလိုက်ကြောင်း အရေးယူခံရသူ တစ်ဦးဖြစ်သည့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးနိုင်အောင်ထွန်းက မဇ္စျိမကို ပြောသည်။
“နေပြည်တော် ပညာရေးစီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ အပြစ်ပေးလိုက်တာပါ” ဟု ဦးနိုင်အောင်ထွန်းက ပြောသည်။ ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ယင်းအလွဲသုံးမှုကို ကော်မတီ က အောက်တိုဘာ ၂၂ရက်နှင့် ၂၄ရက်တို့တွင် အရေးယူရန် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မူလတန်းကျောင်းသားများ ပညာသင်စရိတ် ထောက်ပံ့ငွေနှင့် ကျောင်းထောက်ပ့ံကြေးငွေ စုစုပေါင်း ကျပ် (၅၈၃) သိန်းကို ယခင် ပြည်မြို့နယ်တာဝန်ခံ ပညာရေးမှူး ဦးဇော်မြလက်မှတ်ဖြင့် စာရေး(၃) ဦးဌေးနိုင်က ထုတ်ယူသုံး စွဲခဲ့သည့်အတွက် ပညာရေးဌာနမှ တာဝန်ရှိသူ ၀န်ထမ်းများကို အရေးယူ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဖြစ်စဉ်တွင် ပါဝင်သူ စာရေး(၃)ဦးဌေးနိုင်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး ပညာရေးမှူးဦးဇော်မြကို အောင်ဆန်း အလယ်တန်း ကျောင်းအုပ်အဖြစ် ရာထူးချ ပြစ်ဒဏ်ပေးခဲ့သည်။
ပဲခူးတိုင်းပညာရေးမှူး၊ ပဲခူးတိုင်းအနောက်တိုင်းခွဲ ပညာရေးမှူး၊ ပြည်ခရိုင်ပညာရေးမှူး တို့ကို ပြင်းထန်စွာ သတိပေးခဲ့ပြီး ပြည်မြို့နယ် ပညာရေးမှူး ဦးတင်ဦးကို ပြည်ခရိုင် ပညာရေးမှူးရုံးတွင် ဦးစီအရာရှိအဖြစ် ရာထူးတစ်ဆင့်ချပြစ်ဒဏ်ပေးခဲ့သည်။
ဒုတိယမြို့နယ်ပညာရေးမှူး ဦးသောင်ဌေးကို ရွှေတောင်မြို့နယ် ပညာရေးမှူးရုံးသို့ မူလရာထူးအတိုင်း ပြောင်းရွှေ့စေခြင်း၊ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးနိုင်အောင်ထွန်းကို ပေါက်ခေါင်းမြို့နယ် ပညာရေးမှူးရုံးသို့ မူလရာထူးအတိုင်း ပြောင်းရွှေ့စေပြီး လက်ထောက်မြို့နယ်ပညာရေးမှူး နှစ်ဦးကိုလည်း နယ်ပြောင်းပြစ်ဒဏ်များပေးခဲ့သည်။
ထို့အပြင် ပြည်မြို့နယ်ပညာရေးမှူးရုံးမှ စာရေး (၂) ဦးဝင်းစိန်ကိုလည်း ပြင်းထန်စွာ သတိပေးခဲ့ကြောင်း အရေးယူခံရသူ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးနိုင်အောင်ထွန်းက ပြောသည်။
၎င်းအလွဲသုံးစားမှုအတွက် ပညာရေးမှူးဟောင်း ဦးဇော်မြနှင့် စာရေး(၃)ဦးဌေးနိုင်တို့ကို ပြည်မြို့မရဲစခန်းတွင် လည်း (ပ) ရ၃၅ /၂၀၁၄ ပြစ်မှုပုဒ်မ ၄၀၉ အရ အမှုဖွင့်ထားသည်။