ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်အတွင်း ကျေးရွာများအားလုံး ၂၀၁၅ ခုနှစ်မကုန်မီ လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ပေးနေသည်ဟု ရှမ်းပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင် က မဇ္စျိမကို ပြောသည်။
မဟာဓာတ်အားလိုင်းနှင့် လျှပ်စစ်မီး သွယ်တန်းပေးခြင်းဖြစ်ပြီး ကျေးရွာနှင့် ပြည်နယ် အစိုးရပူးပေါင်း၍ လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
"ကျေးရွာသားတွေနဲ့ အစိုးရ ပူးပေါင်ေးဆာင်ရွက်သွားရင်တော့ ငါးနှစ် သက်တမ်းအတွင်းမှာ အင်းလေးဒေသကျေးရွာ တကြောလုံး မီးလင်းသွားမှာပါ” ဟု ဦးစိုင်းထွန်းရင် က ပြောသည်။
လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာအလိုက် လျှပ်စစ်မီးသွယ်တန်းသည့် ကုန်ကျစရိတ် တွက်ချက်ကာ ပြည်နယ် အစိုးရက ငွေစိုက်ထုတ်ပေးပြီး ဒေသခံတို့ ပြန်လည်ပေးဆပ်ရမည့် နည်းလမ်းဖြင့် ဆောင်ရွက်နေသည်ဟု ဟဲယာရွာမှ ဒေသခံ တစ်ဦးက ပြောသည်။
အင်းလေးကန် အတွင်း ကျေးရွာပေါင်း ၄၀၀ ကျော်ရှိသည့်အနက် ကျေးရွာပေါင်း ၂၀၀ ခန့် လျှပ်စစ်မီး ရရှိပြီး ဖြစ်သည်။
ယင်းအပြင် ရှမ်းပြည်နယ်အစိုးရက တောင်ကြီးမြို့နယ်ရှိ မဟာလျှပ်စစ် ဓာတ်အားလိုင်းနှင့် ဆယ်မိုင်ကျော်ကွာဝေးသည့် ကျေးရွာကိုလည်း ဆိုလာနည်းစနစ်ဖြင့် လျှပ်စစ်ရရိရန် စီစဉ်နေသည်ဟု လျှပ်စစ်နှင့် စက်မှုဝန်ကြီးက ပြောသည်။