ကုလတပ်ဖွဲ့တွင် မြန်မာ့တပ်မတော် ပါဝင်ရေးညှိနှိုင်းနေ

ကုလတပ်ဖွဲ့တွင် မြန်မာ့တပ်မတော် ပါဝင်ရေးညှိနှိုင်းနေ
by -
မဇ္စျိမ

မြန်မာ့တပ်မတော်သည် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့တွင် ပါ၀င်နိုင်ရေးအတွက် ညှိနှိုင်း အဆင့်သို့ ရောက်ရှိနေပြီဟု ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် က ပြောသည်။

၎င်းက “အဲဒါက ညှိနှိုင်းတဲ့အဆင့်ကို ရောက်ရှိနေပါပြီ” ဟု ပြောသည်။

UN-Army

အောက်တိုဘာလ ၂၄ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန် တွင် မဇ္ဈိမ၏ မေးမြန်းမှုကို ၎င်းက အထက်ပါ အတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သော်လည်း အသေးစိတ် အချက်အလက် များကိုမူ မပြောကြားခဲ့ပေ။

အဆိုပါညှိနှိုင်းမှုများကို ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ကာကွယ်ရေး ဦးစီးဌာန(ကြည်း)က အဓိက ဆောင်ရွက်နေခြင်းဖြစ်သည် ဟုလည်း ၎င်းက ပြောသည်။

“ဘယ်အချိန်မှာ တာဝန်ထမ်းဆောင် မလဲဆိုတာ ခန့်မှန်းရခက်တယ်” ဟု ဆိုသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့်မတ်လက နေပြည်တော် ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည့် ၁၁ ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးတွင် ကုလသမဂ္ဂငြိမ်း ချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့တွင် ပါဝင်နိုင်ရန် လိုအပ်သည့် ပြင်ဆင်မှု များ ပြုလုပ်နေသည်ဟု ပြောကြားထားသည်။

လတ်တလောအားဖြင့် ပါ၀င်ဆောင်ရွက်မှု (ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့) မရှိသေးသော် လည်း မနှစ်(၂၀၁၃ ခုနှစ်)က လုပ်ခဲ့ကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ပြင်ဆင်ခဲ့ရတာ ရှိခဲ့ကြောင်း၊ မြန်မာ့တပ် မတော်သည် အပြည်ပြည်ဆိုင်ရာ တပ်မတော်သားများနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည့် အခန်း ကဏ္ဍသစ် ကိုရောက်ရှိသွားမည်ဟု ယုံကြည်ပါကြောင်း ပြောကြား ထားသည်။

တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့သူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မြန်မာ့တပ်မတော် က ယခုကဲ့သို့ ကုလ သမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်တွင် ပါ၀င် နိုင်ရန် ကြိုးစားခြင်းသည် ကောင်းမွန်သော လက္ခဏာတစ်ရပ်ဖြစ်သည်ဟု သုံးသပ်ပြောကြားသည်။

မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးက ယခင်က လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ကလေးစစ်သား စုဆောင်းမှုများ၊ လတ်တလော ဖြစ်ပွားခဲ့သည့် ကိုပါကြီးသေဆုံးမှုတို့ကြောင့် နိုင်ငံတကာတွင်ပုံရိပ် ကောင်း ရရှိရန် ကြိုးစားရမည်ဖြစ်၍ ကုလတပ်ဖွဲ့တွင်ပါဝင်ရေး ခက်ခဲမည်ဟု ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အနီး ကရင့်တပ်မတော် ဒီကေဘီအေ၏ကလို့ထူးဘောအစည်း အရုံး စောဆန်းအောင်၏အဖွဲ့မှ ဗိုလ်ကြီးအဆင့် ပြန်ကြားရေးတာဝန်ခံဟု စွပ်စွဲထားသည့် နိုင်ငံရေး နောက်ခံရှိ သူအလွတ် သတင်းထောက် ဦးအောင်ကျော်နိုင်(ခ) ကိုပါကြီးကို ဖမ်းဆီးထားစဉ် လက်နက်လု၍ တပ်မတော်က ပစ်သတ်ခဲ့ရသည်ဟု သတင်းထုတ်ပြန်ထားသည်။

ဒေသတွင်း အိမ်နီးချင်းနိုင်ငံများဖြစ် သည့် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင် စသည့် နိုင်ငံများသည်ပင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့များတွင် ပါ၀င်ထမ်းဆောင်လျက်ရှိနေသည်။

မြန်မာ့တပ်မတော်သည် ၁၉၆၀ ခန့်က ကွန်ဂိုနိုင်ငံတွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့၌ပါ၀င် ထမ်းဆောင်ဖူးပြီး နောက်ပိုင်းတွင် အကြောင်းအမျိုး မျိုးကြောင့် ပါဝင်နိုင်ခြင်းမရှိတော့ပေ။