အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်ရပ်ဆွေးနွေးမှုတွင် မပြေလည်မှုများ ရှိနေသဖြင့် အပစ်ရပ်ရေး မလုပ်နိုင်သေးချိန်တွင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ပါက ပြည်တွင်း နိုင်ငံရေး ပြဿနာများ ဖြေရှင်းနိုင်မှု ရှိ/မရှိ ဟူသည့် ကိစ္စများအား အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများ ဆွေးနွေးခဲ့သည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုမှ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မဇ္စျိမကိုပြောသည်။
နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ လစဉ် တွေ့ဆုံဆွေးနွေး သည့် ဖိုရမ်တွင် ထည့်သွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“ငြိမ်းချမ်းရေး(အပစ်ရပ်) ဆွေးနွေးတယ်ဆိုတာ နိုင်ငံရေးပြဿနာဖြစ်နေလို့ ဒီတော့ လက်မှတ်ထိုးဖို့ တစ်ဖက်က ကြိုးစားရင်း တစ်ဖက်က နိုင်ငံရေးဆွေးနွေးပွဲကို ပြိုင်တူစမလား၊ ပိုအကျိုးရှိမလားပေါ့" ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များတွင် လက်မှတ်ထိုးရန် အဆင်သင့် စောင့်နေသူများလည်းရှိပြီး လေးဖွဲ့၊ ငါးဖွဲ့ခန့်သာလျှင် လက်မှတ်ထိုးရန် အဆင်သင့်မဖြစ်၍ ထိုအဖွဲ့များအား ချန်လှပ်ခဲ့ကာ လတ်မှတ်ထိုးရန် အဆင်သင့် ဖြစ်နေသူများနှင့် နိုင်ငံရေးဆွေးနွေးပွဲသွားသင့်သည်ဟု ဦးခင်မောင်ဆွေက သုံးသပ်သည်။
ချင်းတိုးတတ်ရေးပါတီမှ ဦးပုဇိုဇမ်က “ အစည်းအဝေးမှာ ၂၀၁၁ ကနေ အခုနှစ်အထိ ဖြစ်တဲ့တိုက်ပွဲတွေ ကိစ္စလည်း ပြောဖြစ်တယ်" ဟု ပြောသည်။
အစိုးရ ဦးဆောင်ဆွေးနွေးနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်ရပ်သဘောတူညီမှု လက်မှတ်ထိုးပြီးမှသာလျှင် ပြည်နယ်နှင့် တိုင်းအလိုက် ပြဿနာများ ဖြေရှင်းရန် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပမည် ဖြစ်သည်။
ထိုသို့ အဆင့်ဆင့် သွားနိုင်ရန် ပြင်ဆင်မှုများ ပြုထားသော်လည်း အပစ်ရပ်ဆွေးနွေးတွင် တိုင်းရင်းသားတို့ ၏ ရှေ့အနာဂတ်ကို အာမခံချက် ပေးနိုင်ရန်နှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ပါဝင်သည့် နိုင်ငံရေးလမ်းပြမြေပုံ ဆိုင်ရာ ဆွေးနွေးမှုတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ ကိုယ်စားလှယ်များအကြား ညှိနှိုင်းမှု မပြေလည်သေးပေ။ အောက်တိုဘာလတွင် ရပ်နားခဲ့သည်။
တပ်မတော်ကိုယ်စားလှယ်များမှလည်း အသစ်ပြောင်းလဲခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအား အဓိကထားသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မူ(၆)ချက်အား ပြန်လည် ထည့်သွင်းလာခဲ့သည်။
အောက်တိုဘာလ ၂၂ ရက်တွင် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ တပ်မတော်သည် ငြိမ်းချမ်းရေးလုပ်ဆောင်ရာတွင် အစိုးရမှ ၂၀၀၈ ဖွဲ့စည်းပုံမပြင်သရွေ့ အဆင်မပြေနိုင်မည် မဟုတ်ကြောင်းနှင့် အောက်ခြေတပ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြင့် တပ်မတော်အား ငြိမ်းချမ်းရေး လိုလားမှု ရှိ/မရှိကို သံသယဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများ၊ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ပညာရှင်များ၊ စာရေးဆရာများ တတ်ရောက်ကြသည်။