ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတစ်ခု ဖြစ်သည့် မရမာကြီးတိုင်းရင်းသား ဒုက္ခသည်များအတွက် UNHCR ကနေအိမ်များ ပြန်လည်ဆောက်လုပ်ပေးမည်ဟု ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။
စစ်တွေမြို့ စက်ရုံစု(၁) ကယ်ဆယ်ရေးစခန်းတွင် နေထိုင်လျက်ရှိသော မရမာကြီးတိုင်းရင်းသားဒုက္ခသည် အိမ်ခြေ ရ၀ အတွက် နေအိမ်ဆောက်လုပ်ပေးရန် ပြည်နယ်အစိုးရ အဖွဲ့နှင့် ညှိနှိုင်းပြီးဖြစ်သည်ဟု ဆိုသည်။
ဦးဝင်းမြိုင်က "အစိုးရအဖွဲ့ကလည်း ခွင့်ပြုပြီးဖြစ်လို့ မကြာခင်စတင်တော့မယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် မရမာကြီးတိုင်းရင်းသား အိမ်ခြေ ၁၃၀၀ ကျော်၊ လူဦးရေ ၉၅၀၀ ကျော်ရှိပြီး စစ်တွေ၊ မြောက်ဦး၊ မြင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ မြေပုံ၊ မောင်တော မြို့နယ်များရှိ တိုင်းရင်းသားကျေးရွာများတွင် နေထိုင်ကြသည်။
မရမာကြီးတိုင်းရင်းသားခေါင်းဆောင် ဦးမောင်နုက “စစ်တွေနဲ့ မြောက်ဦးက ဒုက္ခသည် ဖြစ်နေတဲ့ မရမာကြီးတိုင်းရင်းသား အိမ်ထောင်စု ရှစ်ဆယ်ကျော်ကို တစ်စုတစည်းတည်း တစ်နေရာမှာ ထားစေချင်တယ် မြောက်ဦးမြို့က ဒုက္ခသည်တွေကို နေရာချထားဖို့လိုတယ်” ဟု မဇ္စျိမကိုပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော နှစ်ဖက်အဖွဲ့အစည်း၏ ပဋိပက္ခများကြောင့် မရမာကြီးတိုင်းရင်းသားနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
ရခိုင်မျိုးနွယ်စု ခြောက်ခုရှိပြီး ရခိုင်၊ မြို၊သက်၊ ခမွီ၊ ဒိုင်းနက်၊ မရမာကြီး တို့ဖြစ်သည်။ မရမာကြီး တိုင်းရင်းသားများသည် ရခိုင်မျိုးနွယ်စုတွင် ပါဝင်သော တိုင်းရင်းသားတစ်မျိုး ဖြစ်သော်လည်း အများစုကို လ.ဝ.က က နိုင်ငံရေး စိစစ်ကဒ်ပြားများ ထုတ်ပေးထားခြင်းမရှိဟု မရမာကြီး တိုင်းရင်းသားခေါင်ဆောင်က ဆိုသည်။