နိုင်ငံသား စိစစ်မှုကို ရပ်နားထားမည်

နိုင်ငံသား စိစစ်မှုကို ရပ်နားထားမည်
by -
မဇ္စျိမ

ပြည်နယ်အတွင်း ၁၉၈၂ ခုနှစ်၊ နိုင်ငံသား ဥပဒေဖြင့် ဘင်္ဂါလီများကို စိစစ်နေမှု ရပ်နားထားမည်ဟု ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

မြေပုံမြို့နယ်အတွင်း စိစစ်ရာတွင် လုပ်ထုံးလုပ်နည်းနှင့် မညီဘဲ ခွင့်ပြုမှုများရှိနေသည်ဟု ရခိုင်တိုင်းရင်းသား တို့ အောက်တိုဘာလ ၁၉ ရက်က ကြေညာချက် ထုတ်ပြန်ပြီးနောက် ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အောက်တိုဘာလ ၂၄ ရက်က စစ်တွေမြို့တွင် ဝန်ကြီးချုပ်နှင့် မြို့မိမြို့ဖများ တွေ့ဆုံစဉ် ယင်းသို့ အသိပေးခြင်းဖြစ်သည်ဟု စစ်တွေမြို့နေ ဦးသန်းထွန်းက ပြောသည်။

"ဆွေးနွေးပွဲအဓိက အကြောင်းအရာကတော့ ၈၂ ခုနှစ်ဥပဒေအရ နိုင်ငံသားစိစစ်မှုကို ရပ်နားထားမယ်။ အချိန်တစ်ခုအထိပေါ့" ဟု ဦးသန်းထွန်းက ဆိုသည်။

စစ်တွေမြို့ ဘုမရပ်ကွက်တွင် နေထိုင်သူ အစ္စလာမ်ဘာသာဝင် ဦးအောင်ဝင်းက "အစအတည်းက ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ။ ကျွန်တော်တို့ကို ရိုဟင်ဂျာ လူမျိုးအနေနဲ့ အသိအမှတ်မပြုဘဲ ဘင်္ဂါလီ လူမျိုးအဖြစ်နဲ့ စိစစ်မယ်ဆိုရင် လက်မခံနိုင်ပါဘူး ဆိုတာကိုပေါ့။ နောက်ပြီး အခုလို စီစစ်မှုကို ရပ်နားမယ်ဆိုတာလည်း မရိုးသားဘူး။ နိုင်ငံရေး အမြတ်ထုတ်ချင်လို့သာ ဖြစ်တယ်" ဟု ဆိုသည်။

ပြီးခဲ့သော လပိုင်းအတွင်းက မြေပုံမြို့နယ်တွင် နိုင်ငံသားဖြစ်ခွင့် စိစစ်ခဲ့ရာ ၅၇ ဦး နိုင်ငံသားဖြစ်ခွင့်ရခြင်း အပေါ် ပြည်နယ်အစိုးရက ပြန်လည် စိစစ်ရန်ရှိသည်ဟု  ဦးသန်းထွန်းက ပြောသည်။