UNFCထဲ ပြင်ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်မည့် KNU အစည်းအဝေးစပြီ

UNFCထဲ ပြင်ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်မည့် KNU အစည်းအဝေးစပြီ
by -
မဇ္စျိမ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်ရေး၊ မပါဝင်ရေး ဆုံးဖြတ်မည့် ကရင်အမျိုးသား အစည်းအရုံး(KNU) ဗဟိုအမြဲတမ်း ကော်မတီ အစည်းအဝေး ကို အောက်တိုဘာလ ၂၃ ရက်တွင် KNU တပ်မဟာ ရ နယ်မြေ ဘားအံခရိုင် လော်ခီးလာတွင် ဗဟိုအမြဲတမ်းကော်မတီဝင် ၄၈ ဦး တက်ရောက် ဆွေးနွေးနေပြီဖြစ်သည်။

“UNFC နဲ့ လက်တွဲ လုပ်ဖို့ မလုပ်ဘူး ဆုံးဖြတ်မှာပေါ့”ဟု KNU ဗဟိုရုံးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး မဇ္စျိမကို ပြောသည်။

ဗဟိုကော်မတီဝင် ဗိုလ်ချုပ် ဆာဂေက ခရီးလွန်နေသဖြင့် မတက်ရောက်နိုင်ကြောင်း ထိုဗဟို အမြဲတမ်းကော် မတီ အစည်းအဝေးကို ၃ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သူက ပြောသည်။

ပြည်တွင်း ပြည်ပ ကရင်လူမှု အဖွဲ့အစည်းများကလည်း UNFC အဖွဲ့ဝင်အဖြစ် ပြန်လည် ပေါင်းစည်းစေရန် ဆန္ဒရှိနေသဖြင့် အဖွဲ့ဝင်အဖြစ် ဆက်လက် ပူးပေါင်းရန် ဆုံးဖြတ်စေလိုကြောင်း သူက ပြောသည်။

“အမှန်က ကျွန်တော်အနေနဲ့ ပြန်ပြီး လက်တွဲဖို့တော့ သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မဟာမိတ်နဲ့ လက်တွဲ လုပ်လာခဲ့တာ ကြာပြီ။ တိုင်းရင်းသားတွေကလည်း ပူးပေါင်းလက်တွဲ လုပ်ရမှာပါ။ ကျွန်တော်အနေနဲ့က ပူးပေါင်းဖို့ ဆန္ဒရှိ နေတယ်”ဟု KNU ရုံးအဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ပြောသည်။

UNFC ညီလာခံတွင် ဗဟိုချုပ်ကိုင်မှုနည်းသော အုပ်ချုပ်ပုံကို KNU က တင်ပြဆွေးနွေးခဲ့သည်ဟု မဟာမိတ် အဖွဲ့ဝင်များက လက်မခံသဖြင့် KNU ကိုယ်စားလှယ်များ ညီလာခံမှ နုတ်ထွက်ခဲ့ပြီးနောက် ဥက္ကဋ္ဌ မူတူးစေးဖူးက UNFC အဖွဲ့ဝင် အဖြစ်မှ ယာယီနုတ်ထွက်ကြောင်းနှင့် ဆက်လက် ပါဝင်ရေး၊ မပါဝင်ရေးကို ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ၍ ဆုံးဖြတ်မည် ဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်က စာပေးပို့ခဲ့ခြင်း ဖြစ်သည်။

UNFC က KNU ကို အဖွဲ့ဝင်အဖြစ် UNFC ၏ ဒုတိယခေါင်းဆောင် နေရာနှင့် အဖွဲ့ဝင် တစ်ဦးနေရာတို့တွင် KNU အတွက် လျာထားပေးထားသည်။