၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကာလတွင် ဘာသာရေးနှင့် လူမျိုးရေးကို ခုတုံးပြု ဟောပြောစည်း ရုံး ခြင်းများကို တားမြစ်မည် မဟုတ်သော်လည်း ရွေးကောက်ပွဲအပြီးတွင် ရောက်ရှိလာသည့် ကန့်ကွက်လွှာများ အတိုင်း အရေးယူသွားမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အောက်တိုဘာ ၂၁ ရက်က ပန်ဒါဟိုတယ် တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ ဆိုင်ရာပူးပေါင်း ညှိနှိုင်းမှုအစည်းအဝေးတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
“လူမျိုးရေး ဘာမှမပြောဘူး။ ဘာသာရေးလည်း လုပ်ချင်လုပ် ဖွင့်ပေးမယ်၊ သိပ်ပေါ်တင်ကြီး ဖြစ်လာ လို့ ရွေးကောက်ပွဲပြီး ကန့်ကွက်လွှာတင်တိုင်လာမှ ဥပဒေအရ အဆုံးဖြတ်ပေးမယ်။ ဒါကတော့ ကျွန်တော့် တို့ လက်ထဲရောက်လာပြီ။ ဥပဒေအတိုင်း လုပ်မှာပါ”ဟု ၎င်းက ပြောသည်။
နိုင်ငံရေးပါတီများ နှင့် ပါတီကိုယ်စား လှယ်လောင်းများသည်် မဲဆွယ်စည်းရုံးခြင်းကို ရွေးကောက်ပွဲ ကာလ တွင် သတ်မှတ် စည်းမျဉ်းများအတိုင်း လှုပ်ရှားဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းတို့၏ မဲဆွယ်စည်းရုံး ရေးလုပ် ဆောင် ချက်များကိုမူ အရပ်ဘက် အဖွဲ့အစည်များက လေ့လာစောင့်ကြည့်မည် ဖြစ်သည်ဟု ၎င်းကဆိုသည်။
ရခိုင်အမျိုးသားပါတီ ဒေါက်တာ အေးမောင်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ပြီးသည့်အချိန်တွင်မှ ပါတီအချင်းချင်း ပုဂ်္ဂိုလ်ရေးထိုးနှက်မှုများ၊ ဘာသာရေးခုတုံးလုပ်မှုများကို အရေးယူမည်ဟု ပြောကြားချက်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည့် ဟုပြောသည်။
၎င်းက “ကော်မရှင်က ရွေးကောက်ပွဲမှာ ဘာမှမပြောဘဲ ပွဲပြီးမှ ကျင့်ဝတ်နဲ့ ထိန်းမယ်၊ ကတွတ်ပေါက်က ဗျိုင်းစောင့်သလို အရေးယူတာတွေ ဖြစ်လာတော့မယ်”ဟု ပြောသည်။
ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးပါတီများဘက်မှ ကျင့်ဝတ်လိုက်နာရန် လိုအပ်သည့် တိုက်တွန်းပြော ကြားချက်အပေါ် ချင်းဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဦးဇိုဇမ်က “မြို့နယ်ဒိုင်တွေက သူ့လူ ကိုယ့်လူရှိနေ တယ် လေ၊ ကော်မရှင်ဥက္ကဋ္ဌပြောတာကို ယုံပါတယ်။ သူ့ဘေးဒိုင်တွေကို မယုံဘူး။ဘေးဒိုင်ဖြစ်တဲ့ မြို့နယ်ကော်မ ရှင်တွေက အခရာ။ မြို့နယ်ကော်မရှင်တွေက ကျင့်ဝတ်လိုက်နာဖို့အရေးကြီးဆုံး။ ဒိုင်လူကြီး တွေဖြစ်တဲ့ ကော်မရှင်အဖွဲ့ခွဲတွေက မတရားဘူးဆိုရင် ဒီကစားပွဲက ဘယ်လိုမှ တရားမျှတမှာ မဟုတ်ဘူး။ဥပဒေ ဘောင်ပေါ်မှာ ခွပြီး ထိုင်နေတာ ကော်မရှင်ဖြစ်တယ်” ဟု ပြောသည်။
၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲနှင့် ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကာလများတွင် နိုင်ငံ ရေး ပါတီအချို့၏ မသင့်လျော်သော မဲဆွယ်စည်းရုံးမှုများ၊ ပုဂိ်္ဂုလ်ရေးထိုးနှက်မှုများကြောင့် ပဋိပက္ခ အသွင် ဆောင်သည့် ဖြစ်ရပ်အနည်းငယ်ရှိခဲ့ သည့်အတွက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ထပ်မံမဖြစ်စေ ရန် ပါတီ ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များသည် ကိုယ်တိုင်လိုက်နာရမည့် ကျင့်ဝတ် များကို ထိန်း သိမ်းကာ သိက္ခာရှိသော မဲဆွယ်စည်းရုံးမှုများရှိရန် လိုအပ်သည်ဟုလည်း ဦးတင်အေးက အသိပေးပြော ကြားခဲ့သည်။