ပြည်တွင်း သယံဇာတထုတ်ယူသုံးစွဲမှုများမှ ရငွေအချို့ကို “သယံဇာတရန်ပုံငွေ” အဖြစ် သီးခြားထားရှိတော့ မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းက မဇ္ဈိမကို ထုတ်ဖော်ပြောကြားလိုက်သည်။
အဆိုပါ သယံဇာတရန်ပုံငွေ ထားရှိရေးအတွက် လက်ရှိတွင် ဥပဒေရေးဆွဲခြင်းနှင့် ရန်ပုံငွေစီမံခန့်ခွဲမှု ဆောင် ရွက်မည့် အဖွဲ့အစည်း(Fund Manager ) ကိုလည်း ဖွဲ့စည်းသွားရန် စီစဉ်မှုများရှိနေသည်ဟု အောက် တိုဘာ ၁၆ ရက်က နေပြည်တော်တွင် ကျင်းပသော သဘာဝ သယံဇာတ အရင်းအမြစ်များ စီမံအုပ်ချုပ်ခြင်း ညီလာခံတွင် မဇ္စျိမ၏ မေးမြန်းမှုကို ပြောကြားသည်။
“ဒီလို ရန်ပုံငွေထားရှိတဲ့ကိစ္စကို အလွယ်ဆုံးပြောရရင်တော့ အနာဂတ်အတွက်၊ မျိုးဆက်သစ်တွေအတွက် စုဗူးကြီး စုထားလိုက်တဲ့ သဘောပါပဲ။ အရေးကြီးဆုံးအချက်ကတော့ ရန်ပုံငွေထားရှိမှု လုပ်ဆောင်ဖို့ ဥပဒေ တစ်ရပ်ကိုတော့ အရင်ရေးဆွဲ ပြဋ္ဌာန်းရဦးမှာပါ။ ပြီးတော့မှ ဆက်လုပ်ရမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး က ပြောသည်။
သယံဇာတရန်ပုံငွေကို တိုင်းပြည်၏ဝင်ငွေ လျော့ကျမှုများဖြစ်လာပါကာ ထုတ်ယူဖြည့်ဆည်း သုံးစွဲသည့် အကာအကွယ် သုံးငွေကြေးအဖြစ်လည်းကောင်း၊ နိုင်ငံလုံးဆိုင်ရာ စီးပွားရေး တည်ငြိမ်ရေးလုပ်ငန်း စဉ်များအတွက် သုံးစွဲမှုများတွင် ထုတ်ယူသုံးစွဲရန် ထားရှိသည့် စုငွေတစ်ရပ် ဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရောင်းချမှုမှ ရရှိသည့် ဝင်ငွေများမှ ထားရှိရန် ကနဦး ရည်မှန်းထားပြီး နောက်ပိုင်းတွင် ပြည်တွင်းရှိ အခြားသော သဘာဝ သယံဇာတ အရင်းအမြစ်များ ရောင်း ချရရှိမှု ဝင်ငွေများမှလည်း ထားရှိသည့် အခြေအနေများ ဖြစ်လာဖွယ်ရှိသည်ဟု ဒုဝန်ကြီးက ရှင်းပြသည်။
“အဲဒီလို ရန်ပုံငွေကိုတော့ နိုင်ငံတိုင်းမှာက အစိုးရအဖွဲ့ကပဲ ချုပ်ကိုင်ဆောင်ရွက်လေ့ပြီး နိုင်ငံ့ဖွံ့ဖြိုးရေး လိုအပ်ချက်တွေမှာ ထုတ်ပြီး သုံးစွဲလေ့ရှိပါတယ်။ အဲဒါကြောင့် ဥပဒေမှာတော့ ရန်ပုံငွေကိုဘယ်လို ထူထောင်မယ်။ ဘယ်သူတွေက စီမံခန့်ခွဲမယ်။ ဘယ်လိုနေရာတွေအတွက် ထုတ်ယူသုံးစွဲမယ်ဆိုတဲ့ အချက်တွေကို ထည့်ပြီးရေး ဆွဲရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် သယံဇာတ ထုတ်ယူသုံးစွဲမှုများအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာ မှု ပြဿနာများ ပေါ်ပေါက်ခဲ့သဖြင့် လက်ပံတောင်းကြေးနီတောင် စီမံကိန်း၌ တစ်နှစ်တာ ထုတ်လုပ်ရရှိမှုဝင်ငွေ၏ ၂ ရာခိုင်နှုန်းကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုပြုပြင်ရေးနှင့် ဒေသခံလူမှု ဘဝဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအတွက် ထားရှိဆောင်ရွက်ရန် ဝမ်ပေါင်ကုမ္ပဏီက ဆောင်ရွက်ပေးမှု ရှိခဲ့သည်။ သို့ရာတွင် နိုင်ငံတော်အနေဖြင့် သီးခြားရန်ပုံငွေ ထားရှိခြင်းမျိုး မရှိသေးပေ။