ပဲခူးတိုင်း ပြည်ခရိုင်၊ သဲကုန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာပေါင်း၁၄ရွာတွင် လျှပ်စစ်မီးသုံးစွဲနိုင်ရန် သဲကုန်းအုပ်ချုပ်ရေးမှူး၏ ညွှန်ကြားမှုဖြင့် ကျေးရွာများတွင် ငွေကြေးကောက်ခံလျက်ရှိသည်ဟု ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များနှင့် ရပ်မိရပ်ဖများက ပြောသည်။
သဲကုန်းကျေးရွာအုပ်စုအတွင်း လျှပ်စစ်မီးရရှိရန် ခြောက်မိုင်ခန်ကွာဝေးသည့် ထန်းပေါက်ကျေးရွာမှတစ်ဆင့် ဓာတ်အားလိုင်းသွယ်တန်းရမည်ဖြစ်ပြီး သိန်းသုံးရာထိ ကုန်ကျမည်ဟု မျှော်မှန်းထားသည်။
သဲကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အရ တစ်အိမ်ထောင်လျှင် ကျပ်ငါးသောင်းမှ တစ်သောင်းအတွင်း ကျေးရွာ ရာအိမ်မှူးများက ကောက်ခံနေကြပြီး “မယူတဲ့လူတွေများလို့ လေးသောင်းအထိ သတ် မှတ်လိုက်တယ်” ဟု သဲကုန်းအုပ်စုအတွင်းပါဝင်သည့် ပိန်းတောကျေးရွာ ဆယ်အိမ်မှူး ဦးမျိုးက ပြောသည်။
သဲကုန်းကျေးရွာအုပ်စုအတွင်းပါဝင်သည့် ကုန်းကြီးကျေးရွာတွင်မူ လုပ်ငန်းအမှန်တစ်ကယ်ဆောင်ရွက်မှသာ စတင်ကောက်ခံမည်ဟု ကုန်းကြီးကျေးရွာ ဆယ်အိမ်မှူးက ပြောသည်။
“တစ်ကယ်လုပ်တော့မှ ကောက်မယ်။ ပြီးရင်လည်း ဘဏ်အပ်ပြီး လိုမှထုတ်သုံးမယ်။ ပြန်တောင်းရတာ မလွယ်မှာစိုးလို့” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ လျှပ်စစ်မီးရရှိရန် ငွေကြေးကောက်ခံမှုများစတင်နေသော်လည်း ကျေးရွာများသို့ ဓာတ်အားလိုင်း သွယ်တန်းပေးရန် ပြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနသို့ ပြီးခဲ့သည့် နှစ်လကတည်းက တင်ပြထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှု မရှိသေးဟု သဲကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးဆွေက ပြောသည်။