ဖားကန့်တွင် ကေအိုင်အေနှင့် အစိုးရ စစ်ရေးတင်းမာလာ၍ စာသင်ကျောင်းများ ပိတ်ထားရ

ဖားကန့်တွင် ကေအိုင်အေနှင့် အစိုးရ စစ်ရေးတင်းမာလာ၍ စာသင်ကျောင်းများ ပိတ်ထားရ
by -
မဇ္စျိမ

ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းမှော်ဒေသအတွင်း အစိုးရ တပ်မ ၆၆ တပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ)၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တို့အကြား စစ်ရေးတင်းမာလာသဖြင့် စာသင်ကျောင်းများ ပိတ်ထား လိုက်ရသည်ဟု တပ်ရင်း ၆ တပ်မှူး ဗိုလ်မှူး တန်ဆိုင်းက မဇ္စျိမကို ပြောသည်။

အောက်တိုဘာလ ၁၆ ရက်က တပ်မ ၆၆ ဘက်မှ ကေအိုင်အေ တပ်ရင်း ၆အား ဖယ်ပေးရန် နှင့် ဖယ်မပေးပါက ပစ်ခတ်မည်ဟု ဒေသခံများမှတစ်ဆင့် ထပ်မံ ပြောဆိုခဲ့သဖြင့် တိုက်ပွဲ ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု ဆိုသည်။

kachin

“အစိုးရက ကျွန်တော်တို့ကို Warning (သတိပေး)ပေးထားတယ်ဆိုတော့ ကျွန်တော်တို့လည်း သတိနဲ့စောင့်နေတယ်။ ဒီမနက် ၁၁ နာရီမှာ အဖြေပေး၊ မဆုတ်ရင် ပစ်မယ်ဆိုပြီး မနေ့က အစိုးရ တပ်မ ၆၆ က ပြောတယ်။ ဒါပေမဲ့ သူတို့ မတက်လာသေးဘူး။ ကျွန်တော်တို့က အဆင်သင့်စောင့်နေတယ်” ဟု ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။

လူဦးရေ တစ်ထောင်ကျော်ရှိသော အောင်ဘာလေကျေးရွာမှ အလယ်တန်းကျောင်းနှင့် ကံဆီးခေါမှ မူကြိုကျောင်းတို့ကိုလည်း သုံးရက်ကြာ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သူက ဆိုသည်။

ထို့ပြင် တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ရွာသားများကို မိမိကျေးရွာမှ ထွက်သွားရန် ကေအိုင်အေ ဘက်မှ ပြောဆိုသော်လည်း အစိုးရ၏ တပ်မ ၆၆ က ထွက်ခွင့်မပေးသဖြင့် ၎င်းတို့၏ လုံခြံုရေး စိုးရိမ်နေ သည်ဟု ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။

“ကျွန်တော်တို့က ဒေသခံတွေကို မထိခိုက်စေချင်ဘူး။ တိုက်ပွဲ ဖြစ်လာလို့ ရွာသားတွေကို ဖားကန့်၊ လုံးခင်းဘက်ကို IDP စခန်းတွေကို ပြောင်းရွှေ့ဖို့  ပြောထားတာကို အစိုးရက မထွက်ခိုင်းဘူး။ ရွာသားတွေက ကြောက်နေကြတယ်။ မနှစ်ကလည်း တိုက်ပွဲ တစ်ခါ ဖြစ်ပြီဆိုတော့ ကြောက်နေကြတယ်။ ထွက်လို့လည်း မရဖြစ်လို့ အခက်အခဲ ဖြစ်နေကြတယ်”ဟု သူက ပြောသည်။

အောင်ဘာလေရွာသည် ဥရုချောင်း အနောက်ဘက်နှင့် အရှေ့ဘက်တွင် တပ်စွဲထားသော အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁ နှင့် ကေအိုင်အေ တပ်ရင်း ၆ တပ်များအကြားတွင် ပိတ်မိနေသည်ဟု ၎င်းက ပြော သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကလည်း ဖားကန့်မြို့နယ်အတွင်း အစိုးရနှင့်ကေအိုင်အေတို့ တိုက်ပွဲ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့သဖြင့် ဒေသခံ စစ်ပြေးဒုက္ခသည် ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်မှုများ ရှိခဲ့သည်။

ကေအိုင်အေ၏ တပ်ရင်း ၆ တပ်စွဲထားသော နေရာမှ အောက်တိုဘာလ ၁၄ ရက် ညနေ ၆ နာရီ တွင် နောက်ဆုံးထား ဆုတ်ခွာပေးရန် အစိုးရ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ခမရ ၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်ဇေယျက ဘောင်ဘာလေကျေးရွာ လူကြီးများမှတစ်ဆင့် ပြောခဲ့သည်။ အောက်တိုဘာလ ၁၅ နှင့် ၁၆ ရက်များတွင်လည်း ဆုတ်ခွာပေးရန် ထပ်မံ၍ သတိပေးပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကေအိုင်အေကလည်း ၎င်းတို့တပ်မှ ဆုတ်ခွာပေးမည့် အစီအစဉ်မရှိကြောင်း အစိုးရ စစ်တပ်က ကေအိုင်အေ ၏ တပ်မဟာ ၂  တနိုင်းနှင့် တပ်မဟာ ၃ ဒေသ မန်စီမြို့နယ် ပိုင်ထိပ်ကျေးရွာဘက်တွင်လည်း စစ်အင်အား တိုးချဲ့မှုများရှိသဖြင့် အစိုးရဘက်မှ စစ်ရေးဖြင့် ဖိအားပေးလာပါက ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ဆိုးကျိုး သက်ရောက်မှု ရှိလာမည် ဖြစ်ကြောင်း KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အောက်တိုဘာလ ၁၅ ရက်က မဇ္စျိမကို ပြောဆိုခဲ့သည်။