ရခိုင်ရှိ အစ္စလာမ်ဘာသာဝင်များကို သံတွဲနှင့် မောင်တောခရိုင်တွင် တက္ကသိုလ် စာမေးဖြေခွင့် ပေးမည်

ရခိုင်ရှိ အစ္စလာမ်ဘာသာဝင်များကို သံတွဲနှင့် မောင်တောခရိုင်တွင် တက္ကသိုလ် စာမေးဖြေခွင့် ပေးမည်
by -
မဇ္စျိမ

၂၀၁၂ ခုနှစ် ပဋိပက္ခ စတင်ချိန်မှစ၍ ရခိုင်ပြည်နယ်နေ အစ္စလာမ်ဘာသာဝင်များကို စစ်တွေတက္ကသိုလ်တွင် စာမေးပွဲဖြေဆိုခွင့် ကန့်သတ်လိုက်ထားပြီး ယခုနှစ်အတွက် သံတွဲ၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များ၌ ဖြေဆိုနိုင်ရန် စီစဉ်ထားသည်ဟု စစ်တွေတက္ကသိုလ် ဥပဒေဌာမှ နည်းပြဆရာ ဦးကျော်လွင်က အောက်တိုဘာ ၁၆ ရက်တွင် မဇ္စျိမကိုပြောသည်။

 “သံတွဲကိုတစ်ဖွဲ့၊ ဘူးသီးတောင်မောင်တောကို တစ်ဖွဲ့၊ စစ်တွေတက္ကသိုလ်က ဆရာဆရာမတွေ သွားကြပြီ၊ အဲဒီမှာပဲ စာမေးပွဲဖြေခိုင်းမယ်”ဟု ၎င်းကပြောသည်။

ယင်းကြောင့် အနီးကပ် ၁၀ရက်သင်တန်းများ ပို့ချမှု အစီအစဉ်များ ယနေ့၌ပင် စတင်နေပြီဟု ဦးကျော်လွင်က ဆိုသည်။

ယင်းသို့ ဆောင်ရွက်ရန် ရခိုင်ပြည်နယ်အစိုးရက ညွှန်ကြားထားခြင်းဖြစ်သည်။

“သူတို့လုံခြံုရေးရော ပညာသင်ကြားရေးရော အဆင်ပြေဖို့ လုပ်ပေးတာပါ” ဟု ပြည်နယ်အစိုးရ အဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။

သံတွဲမြို့နယ်၊ ခြံပြင် ကျေးရွာနေ ပထမနှစ် မြန်မာစာ အဝေးသင်ကျောင်းသူ မနီနီဝင်းက “အစ္စလာမ်ဘာသာ ဝင် တော်တော်များများက စစ်တွေကို မသွားချင်ကြဘူး၊ စစ်တွေမှာက ဆန္ဒပြတာတွေ ဘာတွေလည်းရှိတယ်။ ကိုယ့်မြို့မှာ ဖြေလို့ရင်ဖြေတယ်၊ ဖြေလို့မရရင် မတက်ဘဲ ကျောင်းထွက်လိုက်ကြတယ်၊ ဒါမှမဟုတ် ရန်ကုန်ကို သွားကြတယ်”ဟု ပြောသည်။

စစ်တွေမြို့နေ သမိုင်းဘာသာရပ်ဖြင့် တတိယနှစ် အဝေးသင်တက္ကသိုလ်တက်နေသူ ကိုထက်နိုင်ဇော်ကလည်း အစိုးရက နှစ်ဖက်လုံခြံုရေးအတွက် ယင်းသို့ စီစဉ်ခြင်းဟုဆိုသည်။ “တစ်ခုခုဖြစ်ခဲ့ရင်မကောင်းဘူးလေ” ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၂၈ ရက်တွင် အဝေးသင်စာမေးပွဲများဖြေဆိုရမည်ဖြစ်ပြီး ပထမ တစ်ကြိမ် ဖြေဆိုမှုတွင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ကျောင်းသား လေးဦး၊ သံတွဲမြို့တွင် ၁၈ ဦး၊ ဒုတိယတစ်ကြိမ် ဖြေဆိုမှုအတွင်း မောင်တောနှင့် ဘူးသီးတောင်တွင် ကျောင်းသား ရဦး၊ သံတွဲတွင် ၅၈ ဦးရှိသည်ဟု ပြည်နယ်အစိုးရ စာရင်းများက ဆိုသည်။