မန္တလေး ပဋိပက္ခအတွင်း လူသတ်မှုကျူးလွန်ခဲ့သည့် တရားခံ လေးဦးကို ပုဒ်မ ၃၀၂/၂ နှင့် ပုဒ်မ ၁၁၄တို့ဖြင့် မန္တလေးခရိုင် တရားရုံးက အောက်တိုဘာ ၁၄ရက် မွန်းလွဲ ၂နာရီက အလုပ်ကြမ်းနှင့် ထောင် ၁၀နှစ် ချမှတ်လိုက်ပြီဖြစ်သည်။
ဇူလိုင်လ ၃ ရက် နံနက်လေးနာရီတွင် ဦးစိုးမင်းထွေး နေအိမ်မှ ဗလီတက်ရန် ထွက်ခွာစဉ်တွင် ၂၉ လမ်း ၈၃ လမ်းထောင့်တွင် အမည်မသိ လူတစ်စုမှ ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းကြောင့် သေဆုံးခြင်းနှင့် ပက်သက်၍ လက်ရှိတွင် ဖမ်းဆီးထားရှိသူ နှစ်ဦးရှိပြီး နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဟု ဆိုသည်။
ဇူလိုင်လ ၂ ရက် ည ၁၁ နာရီခန့်က ဦးထွန်းထွန်းကို ၈၃ လမ်း၊ ၃၄ လမ်းထောင့်တွင် အသတ်ခံခဲ့ရခြင်းနှင့် ပက်သက်၍ သံသယရှိသူများကိုလည်း ဖမ်းဆီးအရေးယူထားသော်လည်း ပါဝင်ပတ်သက်သူဟု ယူဆရသူ ရေအတွက်မှာ များသောကြောင့် ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်နေဆဲဖြစ်ကာ အပြီးသတ်အမိန့်ချရန်မှာလည်း လတ်တလော မလွယ်ကူနိုင်သေးဟု ဒုတိယရဲမှူးကြီး ဦးစိန်ထွန်းက ပြောသည်။
မန္တလေးမြို့တွင် ၂၀၁၄ ခုနှစ် ဇူလိုင်လက ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခကြောင့် ဇူလိုင် ၃ ရက်မှ စတင်၍ ရက်ပေါင်း လေးဆယ်ကျော် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရသည်။