ဖမ်းဆီးခံထားရသူ မြန်မာနှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးရန် ထိုင်းရှေ့နေများကောင်စီ ဆုံးဖြတ်မည်

ဖမ်းဆီးခံထားရသူ မြန်မာနှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးရန် ထိုင်းရှေ့နေများကောင်စီ ဆုံးဖြတ်မည်
by -
မဇ္စျိမ

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ကမ္ဘာလှည့်ခရီးသည်စုံတွဲအား သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံထားရသူ မြန်မာနှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးရန် ထိုင်းရှေ့နေများ ကောင်စီက အောက်တိုဘာ ၁၃ ရက်တွင် ဆုံးဖြတ်မည်ဟု ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် အောက်တိုဘာ ၁၃ ရက်က ဖော်ပြထားသည်။

ဖမ်းဆီးခံထားရသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းဦးတို့အား တွေ့ဆုံမေးမြန်းနိုင်ရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ရှေ့နေတစ်ဦးကို ခန့်အပ်ထားပြီး ယင်းအမှုအား တရားရုံးသို့ စွဲတင်ပါက အဆိုပါ ရှေနေ့က လိုက်ပါ အကျိုးဆောင်နိုင်ရန် မသေချာသေးကြောင်း သိရသည်။

Thailan-Suspects-5

လောလောဆယ်တွင် လူအခွင့်အရေးကွန်ရက်အဖွဲ့တစ်ခုက ထိုင်းနိုင်ငံ၏ နာမည်ကျော်ရှေ့နေ နာခွန်ချောင် ပူချတ်အား မြန်မာနှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်ပေးရန် ကမ်းလှမ်းထား ကြောင်း သိရသည်။

Cross-Cultural Foundation (CrCF) အဖွဲ့က မြန်မာနှစ်ဦး၏ အမှုအတွက် လိုက်ပါဆောင်ရွက်ပေးရန် ကမ်းလှမ်းထားသည်ဟု ရှေ့နေ နာခွန်က အတည်ပြုပြောကြားသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ မှားယွင်းဆုံးဖြတ်မည်ကို CrCF နှင့် လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေး ရှင်းအပါ အဝင် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက စိုးရိမ်လျက်ရှိသည်။

နာခွန်အနေဖြင့် အဆိုပါအမှုကို လက်ခံပါက ဖမ်းဆီးခံရသည့် မြန်မာနှစ်ဦး၏ အခြေအနေနှင့် ရဲများက အမှုအား မှန်မှန်ကန်ကန် ဆောင်ရွက်ထားခြင်း ရှိ၊မရှိကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနှစ်ဦးအား စစ်ဆေးမှုတွင် အမှုအတွက် ၀န်ခံရန် ညှဉ်းပန်းနှိပ်စက်မှုများ ရှိခဲ့ကြောင်း နို်င်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားထားသည်။

ဖမ်းဆီးထားသူနှစ်ဦးကို ရှေ့နေများမပါဘဲ အကြိမ်များစွာ စစ်ဆေးခဲ့ပြီး ၎င်းတို့နှစ်ဦးက ရှေ့နေခေါ်ရန် ငြင်းဆိုခဲ့ကြောင်း ရဲများက ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

နာခွန်က မိမိအနေဖြင့် အမှုကိုလက်ခံပါက မိမိတို့အဖွဲ့သည် ရှေ့နေကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားသည်။

ထိုင်းရဲများကမူ အမှုအား မျှတစွာစစ်ဆေးခဲ့ကြောင်း ပြောကြားထားပြီး နှိပ်စက်ညှဉ်းပန်းခဲ့သည်ဆို သော စွပ်စွဲချက်များကို ငြင်းဆိုထားသည်။