လယ်ယာမြေပြန်ရရေး လှုပ်ရှားမှုကြောင့် တရားစွဲခံထားရသူ စုစုပေါင်း ၃၀၀ ဦးကျော်ရှိ

လယ်ယာမြေပြန်ရရေး လှုပ်ရှားမှုကြောင့် တရားစွဲခံထားရသူ စုစုပေါင်း ၃၀၀ ဦးကျော်ရှိ
by -
မဇ္စျိမ

သိမ်းဆည်းခံ လယ်ယာမြေများ ပြန်ရရေးလှုပ်ရှားမှုများကြောင့် ပြစ်ဒဏ်ကျခံနေရသူ နှင့် တရားရင်ဆိုင်နေရသူ ၃၀၀ ကျော် ရှိပြီဟု လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးရဲအောင်က အောက်တိုဘာ ၁၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးအကျဉ်းသားမရှိအောင် လုပ်ဆောင်မည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၃ ခုနှစ်တွင် ကတိပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား ရ၆ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် လယ်ယာမြေအရေး ဆောင်ရွက်သူများ ပြစ်ဒဏ်ကျခံနေရဆဲဟု ၎င်းကဆိုသည်။

Farmer-1

“ ပြုပြင်ပြောင်းလဲမှု လုပ်တယ်ဆိုပေမယ့် အကန့်အသတ်နဲ့လုပ်နေတာ တွေ့ရတယ်” ဟု ဦးရဲအောင်က ပြောသည်။ သမ္မတသက်တမ်း လေးနှစ်နီးပါးအတွင်း သမ္မတ၏ ၁၅ ကြိမ်မြောက် အမိန့် ဖြင့် အောက်တိုဘာ ရ ရက် လွတ်ငြိမ်းချမ်းသာခွင့်အရ ၃,၀၇၃ ဦးလွတ်မြောက်ရာတွင် လွတ်ရက်နီးကပ်နေသည့် နိုင်ငံရေး အကျဉ်းသား တစ်ဦးသာပါ၀င်သည်ဟု ကော်မတီက ပြောသည်။

အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားဦးရေ ၂၈,၆၁၈ ဦးလွတ်ငြိမ်းချမ်းသာခွင့် ပြုထားသည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင် ၂၄ ရက် ထုတ် နိုင်ငံပိုင် သတင်းစာတွင်ပါရှိသည်။

၂၀၁၂ ခုနှစ်၊ မတိုင်မီက နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ရှိခဲ့သည်။