သတင်းမီဒီယာနှင့် တပ်မတော်အကြားရှိ သဘောထားအမြင်ကွာဟမှုများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဆွေးနွေးမည်ဟု မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေး က မဇ္ဈိမကို ပြောသည်။
ယူနတီဂျာနယ် သတင်းထောက်များ ဖမ်းဆီးထိန်းသိမ်းခံရစဉ်ကပင် စာနယ်ဇင်းကောင်စီသည် ကာကွယ်ရေးကဏ္ဍမှ အကြီးအကဲများနှင့် တွေ့ဆုံခွင့်ရရန် ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
ဦးဇော်သက်ထွေး “မီဒီယာကို အထင်မြင်လွဲနေတာရှိမယ် သူတို့ဘက်က။ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို နားလည်အောင် ရှင်းပြမယ်။ တပ်မတော်နဲ့ မီဒီယာအကြား ပြောင်းလဲမှုတစ်ခုရှိလာ လိမ့်မယ်လို့ မြင်တယ်။ ကျွန်တော်တို့ ဘက်ကတော့ အခွင့်ရေးရရင် ယူနတီလို သတင်းသမားတွေ ဖမ်းဆီးခံရတဲ့ ကိစ္စတွေလည်း ဆွေးနွေးမယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် သတင်းမီဒီယာများ၏ အခန်းကဏ္ဍ၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် စာနယ်ဇင်း ကျင့်ဝတ်များကို ရှင်းလင်းဆွေးနွေးမည်ဖြစ်ပြီး တပ်မတော်ဘက်မှ သတင်းမီဒီယာများသို့ သတင်းအချက်လက်များ ထုတ်ပြန်ပေးနိုင်ရေးများကို ကောင်စီဘက်က ဆွေးနွေးသွားမည် ဖြစ်သည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်ဘက်မှ အဖွဲ့ဝင်အချို့နှင့် စာနယ်ဇင်းကောင်စီမှ တာဝန်ရှိသူအချို့ပါဝင် တွေ့ဆုံမည်ဖြစ်သည်။ စာနယ်ဇင်း ကောင်စီမှ တက်ရောက်မည့် သူများကို အစည်းအဝေးပြုလုပ် ဆုံးဖြတ်သွားမည်ဟု ၎င်းက ဆိုသည်။