စွမ်းအင် ရောင်းချင်သလို မရောင်းရန် ဥပဒေရေးပြီ

စွမ်းအင် ရောင်းချင်သလို မရောင်းရန် ဥပဒေရေးပြီ
by -
မဇ္စျိမ

လျှပ်စစ်နှင့် စွမ်းအင်ထုတ်ယူသုံးစွဲရောင်းချခွင့်ဆိုင်ရာ ကန့်သတ်ချက်များပါ၀င်မည့် စွမ်းအင်ဥပဒေ မူကြမ်းကို အောက်တိုဘာ ၁၃ ရက်တွင် စတင်မည့် ၁၁ ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးတွင် တင်ပြသွားမည်ဟု ဥပဒေမူကြမ်းရေးဆွဲရာတွင်ပါ၀င်သည့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါဥပဒေ ပေါ်ပေါက်လာပါ လျှပ်စစ်၊ စွမ်းအင် နှင့်ပတ်သက်ပြီး ထုတ်ယူခြင်း၊ရောင်းချခြင်းများကို ဥပဒေတွင် ပါ၀င်သည့် ကန့်သက်ချက်အတိုင်းသာ ထုတ်ယူသုံးစွဲ ရောင်းချခွင့်ရမည်ဟု ၎င်းက ဆိုသည်။

Gas

“အရင်တုန်းက စွမ်းအင်နဲ့ပတ်သက်တဲ့ ဥပဒေတွေ၊ စီမံချက်တွေမရှိတဲ့အတွက် စွမ်းအင်ထုတ်ယူ ရောင်းချ တဲ့နေရာမှာ လုပ်ချင်တိုင်းလုပ်ခဲ့ကြတယ်။ နိုင်ငံခြားငွေရရှိရေးပဲကြည့်ခဲ့ပြီး လျှပ်စစ်ဓာတ်အားကို ပြည်ပနိုင် ငံတွေကို ရောင်းချင်တိုင်းရောင်းနေကြတာပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါ စွမ်းအင်ဥပဒေကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့က ပူးပေါင်း ပါ၀င်ရေးဆွဲထားခြင်းဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်တွင် စတင်ကျင်းပမည့် လွှတ်တော်ပုံမှန် အစည်းအဝေးသို့ တင်ပြမည်ဖြစ်သည်။

အမျိုးသား စွမ်းအင်ကော်မတီအဖွဲ့ဝင်ဖြစ်သူ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက “အရင်တုန်းက စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ဘယ်စျေးရရနဲ့ ထုတ်ရောင်းခဲ့ရတယ်။ အခုနောက်ပိုင်းမှာ ဥပဒေထွက်လာ ရင်တော့ ဒီလိုမျိုးရတဲ့စျေးနဲ့ရောင်းတာမျိုးတွေ ဖြစ်လာတော့မှာမဟုတ်ဘူး”ဟု ပြောသည်။

သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အားများနှင့် ပတ်သက်၍ တိကျသည့် စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ် သည်ဟု ဦးတင်မောင်ဝင်းက ဆိုသည်။

စက်မှုကဏ္ဍဖွံ့ဖြိုးမှုသည် စွမ်းအင်နှင့် တိုက်ရိုက်သက်ဆိုင်နေ၍ နိုင်ငံတွင် အဓိကကျသည့် စွမ်းအင်နှင့် လျှပ် စစ်ကို လိုသလောက်မရရှိသဖြင့် စက်မှုကဏ္ဍဖွံ့ဖြိုးမှု နှောင့်နှေးခြင်းများ ဖြစ်နေရသည်ဟု ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကလည်း စက်မှုကုန်ထုတ်လုပ်သူများအသင်း၏ နှစ်ပတ်လည် အစည်း အဝေးတွင် ပြောကြားခဲ့ဖူးသည်။

စွမ်းအင်ဥပဒေရေးဆွဲခြင်းနှင့်အတူ လျှပ်စစ်စွမ်းအားကို နှစ်နှစ်အတွင်းလက်ရှိ အခြေအနေထက်ပိုပြီး တိုး ထုတ်သွားရန်လည်း စီစဉ်ထားကြောင်း၊ အထူး သဖြင့်သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားတိုး ထုတ်ရန် ရည်ရွယ်ထားပြီး သဘာဝဓာတ်ငွေ့ထက် အရင်းအနှီးပိုများသော ရေအားလျှပ်စစ် ထုတ်လုပ်မှုကိုလည်း ကမ္ဘာ့ဘဏ်နှင့် IMF တို့ထံမှ ချေးငွေနှင့် တည်ဆောက်နိုင်ရန် ကြိုးပမ်းနေသည်ဟု ဦးတင်မောင်ဝင်းက ဆိုသည်

မြန်မာ၏ ကုန်းတွင်းပိုင်းလုပ်ကွက်နှင့် ကမ်းလွန်ပင်လယ်ပြင ်လုပ်ကွက်များမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့နှင့် ရေနံများကို ဇောတိက၊ ဒေဝူး၊ ရဲတံခွန် နှင့် ပါရမီစွမ်းအင် ကုမ္ပဏီတို့မှ အဓိကလုပ်ကိုင်လျက်ရှိ သည်ဟု ၎င်းက ဆိုသည်။

အာရှဖွံ့ဖြိုးရေးဘဏ်၏ စွမ်းအင်ကဏ္ဍ အကဲဖြတ် ဆန်းစစ်ချက် အစီရင်ခံစာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်ယူနိုင်ရန် ကုန်းတွင်းလုပ်ကွက် (onshore) ၅၃ ကွက်၊ ကမ်းလွန် (offshore) ၅၁ ကွက်၊ စုစုပေါင်း ၁၀၄ ကွက်ကို သတ်မှတ်ဖော်ထုတ်ထားကြောင်းနှင့် တိုင်းတာစမ်းသပ်ချက်အရ ရေနံစည်သန်း ၁၆၀ နှင့် သဘာဝဓာတ်ငွေ့ ၂၀ ဒသမ ၁၁ ထရီလီ ယံကုဗပေ ရှိမည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်က ရန်ကုန် မြို့ရှိ  IBC ခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ဒေသဆိုင်ရာ အစိုးရများ၊ ဥစ္စာဓန ခွဲဝေမှုအတွက် အဓိကစဉ်းစား စရာများ စာတမ်းဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေး ခဲ့သည်။

EIA စစ်တမ်းအရကတော့ မြန်မာနိုင်ငံမှ ၁၉၈၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း တစ်ရက် ရေနံစည်ပေါင်း နှစ်သောင်းကျော် ထုတ်လုပ်နိုင်ပြီး သဘာဝဓာတ်ငွေ့မှာ ၁၉၈၀ ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ ကုဗပေသန်းပေါင်း ၄၁၅ ဒသမ ၅၆ ဘီလီယံနှင့် ကျောက်မီးသွေး ပေါင် တန်ချိန် ၁ ဒသမ ၂၉၉ မီလီယံနှင့် လျှပ်စစ်ကို ၁၉၈၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကီလိုဝပ်သန်းပေါင်း ရ ဒသမ ၁၄ ဘီလီယံ ထုတ်လုပ်ခဲ့ကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။