ကရင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကရင်တပ်များအကြား အပြန်အလှန်ပစ်ခတ်မှုများ ထပ်မံမဖြစ်ပွားစေရန် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA ) မှ တပ်မတော်၏ တပ်စခန်းများသို့ စာပို့ကာ အထက်ပိုင်း အရာရှိများနှင့် ညှိနှိုင်းမှုများ ပြုနေသည်ဟု DKBA ၊ ကလို့ထူးဝါးစစ်ဌာန၊ ကော့ကရိတ်တာဝန်ခံ ဗိုလ်မှူး စောသရဲနီက မဇ္စျိမကိုပြောသည်။
“အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရယ်၊ ကော့ကရိတ်က တပ်စခန်း အမှတ် (၁၂) ရယ်ကို ပေးပို့ထားတယ်၊ သူတို့ဘက်က အကြောင်းပြန်တာမရှိသေးဘူး၊ အထက်လူကြီးပိုင်းလည်း ညှိနေတယ်” ဟုဆိုသည်။
စာကို DKBA ဌာနချုပ်မှ တစ်ဆင့် ကော့ကရိတ်တာဝန်ခံ ဗိုလ်မှူးကြီးစောကျော်သက်က တာဝန်ယူပေးပို့ကာ ညှိနှိုင်းနေသည်ဟု ဆိုသည်။
တပ်မတော်လက်အောက်ခံ တပ်စခန်းများသို့ ပေးပို့သည့် စာထဲတွင် ပြန်လည်ပစ်ခတ်မှုများ မဖြစ်စေရန် မိမိတို့နှစ်ဖက်တပ်များအား မူရင်းနေရာများတွင် ပြန်လည်ချထားရန်၊ နယ်မြေမကျူးကျော်ရန်နှင့် နှစ်ဖက် အပြန်အလှန် နယ်မြေများ အနီးသို့ မကပ်ရန်၊ တပ်အင်အားတိုးချဲ့မှုများ မပြုလုပ်ရန်တို့ ညှိနှိုင်းရန် ပါရှိသည်ဟု ဆိုသည်။
ဗိုလ်မှူးစောသရဲနီက “ တစ်ဖက်တပ်က ရှေ့ကို တိုးလာတယ်ဆိုရင်တော့ အောက်ခြေတပ်တွေက မပစ်လို့မရဘူး၊ အခုဖြစ်နေတာတွေက ပြည်သူတွေ ငြိမ်းချမ်းမှုကို ထိခိုက်တာမှန်ပေမယ့်၊ အောက်ခြေတပ်တွေ တိုးလာရင်၊ ထိပ်တိုက်တွေ့လာရင်ရှောင်ဖို့ မလွယ်ဘူး” ဟု ဆိုသည်။
အထက်ပိုင်းတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ် မူတည်ကာ အပစ်ရပ်ရန် စီစဉ်နေမှုများ ရှိသော်လည်း အောက်ခြေသို့ သတင်းစကားမရောက်မှုကြောင့်လည်း ပစ်ခတ်မှုများ ဖြစ်နေရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဆွေးနွေးမှု ရလာဒ်အား စောင့်ရင်း DKBA ၏ အောက်ခြေတပ်များကို တပ်မတော်နှင့် ပစ်ခတ်မှုများ မဖြစ်စေရန် ထိန်းချုပ်ထားသည်ဟု ကော့ကရိတ်ရှိ DKBA မှ ဗိုလ်ကြီးအချို့က ဆိုသည်။ ဆွေးနွေးမှု မပြေလည်ပါက ပစ်ခတ်မှုအသေးစားများလည်း ဖြစ်လာနိုင်သည်ဟု ဆိုသည်။
တပ်မတော်နှင့် DKBA မှာ စက်တင်ဘာလ ၂၆ ရက်မှ စ၍ ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့သည်။