ရေလောက်ငှမှု မရှိသည့် ပလက်ဝမြို့နယ်အား ရေသွယ်ပေးရန် တင်ဒါခေါ်

ရေလောက်ငှမှု မရှိသည့် ပလက်ဝမြို့နယ်အား ရေသွယ်ပေးရန် တင်ဒါခေါ်
by -
မဇ္စျိမ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်အတွင်း ရေလောက်ငှမှု မရှိသဖြင့် ရေပေးဝေရေး တာဝန်ယူ လုပ်ဆောင်နိုင်ရန် တင်ဒါခေါ်ယူထားသည်ဟု ပလက်မြို့၏ လူမှုအဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားနေသည့် ဆရာမာန်လင်းက မဇ္စျိမကိုပြောသည်။

ဆရာမာန်လင်းက “မြို့တစ်မြို့လုံးမှာ ရေလှောင်ကန် ၅ ကန်ပဲရှိတယ်၊ ရေက သုံးရက်ကို တစ်ခါပဲ လာတယ်၊ အချိန်နဲ့လာတယ်၊ ရေလာတဲ့အချိန် သွားသယ်ထားရင်တောင် ၂ ရက်လောက်ပဲ လောက်တယ်” ဟု ပြောသည်။

ရေပေးဝေမှုမှာ ပလက်ဝမြို့နယ်၊ စည်ပင်သာယာမှ တာဝန်ယူ၍ ကုလားတန်မြစ်နှင့်မြို့အနီးရှိ ရေတံခွန်မှ ရေများအား ပိုက်ဖြင့် သွယ်ယူကာ ပေးဝေနေခြင်းဖြစ်သည်ဟု ဆရာမာန်လင်းက ပြောသည်။

သုံးရက်တစ်ခါလာသည့် ရေမှာလည်း နာရီပိုင်းမျှသာ လာသည်ဟု ဆိုသည်။ ရေလှောင်ကန်များ ထပ်မံတောင်းဆိုသော်လည်း ပြည်နယ်မှ ဘတ်ဂျက်ငွေမရှိခြင်း၊ စည်ပင်မှလည်း ဘတ်ဂျက်ငွေ အားနည်းခြင်းတို့ကြောင့် ပလက်ဝမြို့နယ်ရှိ လူထုရေလုံလောက်စွာရရှိရန် ထပ်မံတိုးချဲ့လုပ်ကိုင်နိုင်ခြင်း မရှိဟုလည်း ပလက်ဝမြို့၏ အုပ်ချုပ်ရေးမှူးရုံးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

တင်ဒါကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေါ်ယူခြင်းဖြစ်ပြီး တင်ဒါပိတ်မည့်ရက်မှာ အောက်တိုဘာလ ၂၉ ရက်ဖြစ်သည်။ တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်မည့် သူများမှာ စရံငွေအဖြစ် သိန်း (၃၀ ) ကျပ်အား မြန်မာ့စီးပွားရေးဘဏ်၊ ပလက်ဝမြို့ ငွေစာရင်းအမှတ်၊ C-324 သို့ ပေးသွင်းထားရမည်ဖြစ်သည်။

တင်ဒါအောင်မြင်၍ လုပ်ဆောင်မည်ဆိုပါကလည်း သဘာဝပတ်ဝန်းကျင်နှင့် အညီလုပ်ဆောင်ရန် အချက်များလည်း ထည့်သွင်းထားသည်။

ပလက်ဝမြို့တွင် ချိုးရေ၊ သုံးရေအတွက် ကုလားတန်မြစ်ကို အဓိက မှီခိုသုံးနေရခြင်း ဖြစ်သည်။