ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ မြို့နယ်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် အစိုးရတပ်တို့ အောက်တိုဘာလ ၁၀ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေး ဌာနမှ ဒု-ပြန်ကြားရေး တာဝန်ခံ တာပန်လ က ပြောသည်။
နမ္မတူမြို့နှင့် သီပေါမြို့အား ဆက်သွယ်ထားသော လမ်းမပေါ်ရှိ မန်စံနှင့် ပန်လုံရွာအကြား နမ့်ဆီလင်းရွာအနီး တွင် TNLA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ရ၇၃ နှင့် မြန်မာ့ တပ်မတော်မှ တပ်မ ရ၇ တို့ မနက် ရ နာရီခွဲခန့်မှ စ၍ မိနစ်၂၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုခြင်းဖြစ်သည်။
"ကျွန်တော်တို့ လှုပ်ရှားနေတဲ့ နယ်မြေတွေမှာ နှစ်ဖက်တပ်တွေက နီးကပ်နေလို့ မလွဲသာ မရှောင်သာ ဖြစ်ကြတာပါ။ ဒီတိုက်ပွဲမှာတော့ နှစ်ဖက် စလုံး အကျအဆုံး မရှိပါဘူး" ဟု တာပန်လ က ပြောသည်။
အောက်တိုဘာလ ၁ရက်ကလည်း TNLA ၏ နယ်မြေများ ဖြစ်သော တာမိုးညဲမြို့ နှင့် နမ့်ခမ်းမြို့ တို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲများအတွင်း တပ်မတော်ဖက်မှ ၂၉ ဦးခန့် သေဆုံး၊ ၁၅ဦးခန့် ဒဏ်ရာ ပြင်းထန်၍ TNLA က တစ်ဦးကျဆုံးသည်ဟု TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။ တပ်မတော်ကမူ ယနေ့အချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးပေ။
အစိုးရနှင့် TNLA တို့သည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်က မူဆယ်မြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြ သော်လည်း ယနေ့အချိန်အထိ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးလတ်မှတ်ပင် မထိုးနိုင်သေးပေ။