မကွေးတိုင်း၊ မင်းဘူးမြို့တွင် လောင်စာတင်ယာဉ်ဖြင့် သစ်လုံးခိုးသယ်မှုကို အောက်တိုဘာ ၆ ရက်က ဖမ်းမိခဲ့ပြီး ၉ ရက်နေ့တွင် မင်းဘူးမြို့နယ် တရားရုံးသို့ သစ်တောဥပဒေပုဒ်မ ၄၂-ခ ဖြင့် ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုလိုက်သည်ဟု သစ်တောဝန်ထမ်းတစ်ဦးက မဇ္စျိမကို ပြောသည်။
"ဒီဆီဘောက်ဆာထဲက သစ်တွေကို ဘောက်ဆာရဲ့နောက်အဖုံးဖွင့်ပြီး ထုတ်ရပါတယ်၊ တမန်းသား တန် ၂၀ ခန့် ဖမ်းမိပါတယ်၊ ဆီဘောက်ဆာကား ဒရိုင်ဘာက ထွက်ပြေးသွားလို့ ကျန်ခဲ့တဲ့ စပယ်ယာကို တရားခံလုပ်ပြီး မင်းဘူးမြို့နယ် သစ်တောဦးစီးမှူး ဦးလှဌေး ကတရားလိုလုပ်ပြီး သစ်တောဥပဒေပုဒ်မ ၄၂-ခ နဲ့ ဒီနေ့ပဲ မြို့နယ် တရားရုံးသို့ ဆီဘောက်ဆာကားနဲ့ တရားခံကို တရားစွဲတင်လိုက်ပါပြီ" ဟု အမည်မဖော်လိုသူ သစ်တောရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
အောက်တိုဘာ ၆ ရက်က ပုသိမ်-မုံရွာကားလမ်းမကြီး မင်းဘူး(စကု) မြိျ့နယ်အတွင်း၌ ဆီဂါလံ ၃၂၀၀ဆန့် ဆီဘောက်ဆာတင်သည့် ၁၀ဘီးကားကြီးပေါ်တွင် တမလန်းအမျိုးအစား သစ်မာတန် ၂၀ ခန့် ဖမ်းဆီးရမိခဲ့သည်။ ၎င်း ဆီဘောက်ဆာကားကို အောက်တိုဘာ ရ ရက်တွင် မကွေးမြို့နယ်သစ်တောဦးစီးဌာနမှ ခေတ္တသိမ်းဆည်းစစ်ဆေးပြီး အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် မင်းဘူးမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထား၍ တရားစွဲဆိုခဲ့သည်ဟု ဆိုသည်။
ထိုအမှုကို မြို့နယ်တရားရုံးမှ ပြစ်မှုကြီးအမှတ် ရ၅၁/၂၀၁၄ ဖြင့် လက်ခံထားသော်လည်း ပြစ်မှုပုဒ်မကိုမှု မြို့နယ်ဥပဒေအကြံပေးထံ တင်ပြထားကြောင်း မြို့နယ်တရားရုံးမှ စာရေးက မဇ္စျိမကို ပြောသည်။