အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေမှုကို ရပ်ဆိုင်းရန်နှင့် ဆက်လက် ဖြစ်ပွားနေပါက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ယုံကြည်မှု လျော့နည်းမည်ကို စိုးရိမ်ကြောင်း ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က မဇ္စျိမကို ပြောသည်။
“တစ်နှစ်ကျော်က စပြီး ပစ်ခတ်မှု ရပ်စဲပြီးတော့ ငြိမ်းချမ်းရေး ရယူဖို့ ဆောင်ရွက်နေတဲ့အခါမှာ နောက်ဆုံးပြီးခါနီးမှာ ဒီလို မလိုလားအပ်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပဋိပက္ခ ဖြစ်ပွားခဲ့တာကို ကျွန်တော်တို့က သဘောမတူတဲ့ အခြေအနေ အမြင်တွေ ရှိပါတယ်။ ဒီလို ဆက်ဖြစ်မယ်ဆိုရင် တိုင်းရင်းသားတွေ ဘက်မှာ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ယုံကြည်မှုတွေ အားနည်းသွားမှာကို စိုးရိမ်လို့ပါ”ဟု သူက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာကုန်ပိုင်းက ကရင်ပြည်နယ်အတွင်း အစိုးရ၏ တပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သလို၊ အောက်တိုဘာလ ၂ ရက်မှ ၅ ရက်ထိ ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်မြောက်ပိုင်း(SSPP/SSA) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ထိခိုက်လာမည်ကို စိုးရိမ်ကြောင်း ဦးအောင်မြင့်က ပြောသည်။
ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားသဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန်အတွက် အချိန်ဆွဲသွားနိုင်သလို၊ ယုံကြည်မှုပါ လျော့နည်းသွားနိုင်သည်ဟု သူက ပြောဆိုခဲ့သည်။
ယင်းကြောင့် နှစ်ဖက် တိုက်ပွဲများ ချက်ချင်း ရပ်စဲရန်နှင့် အစိုးရ သိမ်းပိုက်ထားသော ဒေသနှင့်တပ်စခန်းများမှ ဆုတ်ခွာပေးရန် ဝပြည်နယ် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) ခေါ် မိုင်းလား (NDAA) တို့က ပူးပေါင်း၍ အောက်တိုဘာ ၅ ရက်က ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
“သက်ဆိုင်ရာဖက်များသည် ရန်လို ရန်မူသော စစ်ရေးလှုပ်ရှားမှု အပြုအမှုများကို ချက်ချင်းရပ်စဲရန်နှင့် သက်ဆိုင်ရာဖက်များသည် အောက်တိုဘာလ ၂ ရက် နောက်ပိုင်း သိမ်းပိုက်ထားသော ဒေသနှင့် စခန်းများမှ ဆုတ်ခွာပေးကြရန်” ဟု ကြေငြာချက်တွင် ပါရှိသည်။
ထို့ပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြားစေသော အပြောအဆို အပြုအမှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ရှုတ်ချကြောင်း ကြေငြာချက်တွင် ပါရှိသည်။ ငြိမ်းချမ်းသောနည်းဖြင့် ပဋိပက္ခများ ဖြေရှင်းရန်နှင့် နှစ်ဖက် ကာကွယ်ထိန်းသိမ်းသွားကြရန် အပါအဝင် ထပ်မံ မဖြစ်ပေါ်စေရန်အတွက် ပြတ်ပြတ်သားသား တားဆီးဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။
၎င်းတို့၏ ပူးတွဲကြေငြာချက်ကို ပြည်ထာင်စု သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ထံ လိမ့်မူ၍ ပေးပို့ခဲ့သည်။