မြန်မာနိုင်ငံတွင် နေရာကွက်ပြီး မိုးကြီးနိုင်
ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အောက်တိုဘာလ ၈ ရက် နေ့လည်က ဟွဒ်ဟွဒ် အမည်ရ ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိပြီဖြစ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှုး ဦးကျော်လွင်ဦးက မဇ္စျိမကို ပြောသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံ ကိုးကိုးကျွန်း အနောက်တောင်ဘက် မိုင် ၁၃၀ ခန့်နှင့် အိန္ဒိယနိုင်ငံ ပီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် ၆၀၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပြီး ပိုမိုအားကောင်းလာကာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားနိုင်မည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။
အဆိုပါ မုန်တိုင်းသည် မြန်မာနိုင်ငံအတွက် စိုးရိမ်ဖွယ်ရာ မရှိသော်လည်း မုန်တိုင်းလမ်းကြောင်း အခြေအနေ ကြောင့် မွန်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမပင်လယ်ကွေ့၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည်ဟု ဦးကျော်လွင်ဦးက ပြောသည်။
"အဓိက လှိုင်းကြီးနိုင်တယ်။ အများဆုံး တစ်နာရီမိုင်လေးဆယ်နှုန်းနဲ့ လေတိုက်နိုင်တယ်။ အထူးသတိ ထားရမယ့်ဒေသက ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းပဲ။ အဲဒီမှာ မနေ့က(အောက်တိုဘာရရက်) တည်းက မိုးရွာတယ်။ ဒီနေ့(အောက်တိုဘာ၈ရက်) လည်း ရွာတယ်။ မိုးရေချိန် တစ်လက်မခွဲ ၊ နှစ်လက် မ နီးပါးရွာတယ်။ နေရာကွက်မိုးကြီး၊ မိုးသည်းထန်နိုင်တယ်’’ဟု ၎င်းက ပြောသည်။
အဆိုပါ မုန်တိုင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် လေတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုများကြောင့် ကုန်းတွင်း ပိုင်းဒေသများတွင် ဆိုးဝါးသည့် အခြေအနေများ မရှိဘဲ ကပ္ပလီပင်လယ်ပြင်တွင်သာ လေဒဏ်နှင့် မိုးဒဏ် ကြံုရနိုင်သဖြင့် ပင်လယ်ခရီးသွားသူများအနေဖြင့် ဂရုစိုက်ရန်လိုအပ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။