ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် DKBA ဆွေးနွေးမှု အဖြေမထွက်သေး

ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် DKBA ဆွေးနွေးမှု အဖြေမထွက်သေး
by -
မဇ္စျိမ

DKBA နှင့် အစိုးရတပ်များအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများအရေး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနှင့် ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA)တို့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အောက်တိုဘာ ၆ ရက်က ဆွေးနွေးကြသော်လည်း အဖြေမထွက်သေးဟု DKBA ဗျူဟာမှူး စောဆန်းအောင်၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး သန့်ဇင်က မဇ္စျိမကိုပြောသည်။

တွေ့ဆုံမှုအတွင်း တပ်မတော်ဘက်မှ DKBA တို့ သိမ်းယူထားသော လက်နက်များ ပြန်လည်ပေးအပ်ရေးကိုသာ အဓိကထားလိုသော်လည်း DKBAကမှု ဆွေးနွေးပွဲသို့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုှုင်းရေးအဖွဲ့ (NCCT)ကို ဖိတ်ခေါ်ရေး ညှိနှိုင်းလိုခြင်းကြောင့်ဟု ၎င်းက ပြောသည်။

တပ်မတော်နှင့် DKBA တို့အကြား တိုက်ပွဲများသည် စက်တင်ဘာ ၂၆ရက် မွန်ပြည်နယ်၊ ကျိုက်မရော မြို့ နယ်အတွင်း ပြန်လည်ဖြစ်ပွားသည်။ တပ်မတော် ခြေလျှင်တပ်ရင်း ၂၀၈မှ စစ်ကားတစ်စီးကို DKBA အဖွဲ့က ပစ်ခတ်ခဲ့ပြီး တပ်မတော်သားများ၊ ရဲများကို ခေတ္တထိန်းသိမ်းခဲ့ပြီး လက်နက်အချို့ကို သိမ်းဆည်းလိုက်ရာမှ စတင်ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲအပြီး မြဝတီ၊ ကျိုက်မရော၊ ကော့ကရိတ်၊ ကျံုဒိုး၊ ဖာပွန်မြို့ တစ်ဝိုက်တွင် စက်တင်ဘာ ၃၀ ရက်အထိ တပ်မတော်နှင့် DKBA တို့ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားသည်။

ယင်းနှင့် စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၏ ကိုယ်ရေးအရာရှိထံသို့ မဇ္စျိမက တယ်လီဖုန်းဖြင့် မေးမြန်းသော်လည်း ဆက်သွယ်၍မရပေ။