ရခိုင်အမျိုးသားပါတီတွင် အမျိုးသမီးပိုမိုပါဝင်ရန် စီစဉ်မည်

ရခိုင်အမျိုးသားပါတီတွင် အမျိုးသမီးပိုမိုပါဝင်ရန် စီစဉ်မည်
by -
မဇ္စျိမ

၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ရခိုင်အမျိုးသားပါတီ (ANP)၏ အမတ်လောင်းစာရင်း၌ ယခင်ကထက် အမျိုးသမီး အရေအတွက် ပိုမိုပါဝင်လာမည်ဟု ဒုတိယ ဥက္ကဋ္ဌ ဒေါ်အေးနုစိန်က အောက်တိုဘာ ၆ ရက်တွင် မဇ္စျိမကိုပြောသည်။

“ပါတီ အနေနဲ့ လျာထားတဲ့ အမျိုးသမီးတွေ ရှိပါတယ်၊ အစည်းအဝေးပြီးမှပဲ အတိအကျထုတ်ပြန်နိုင်မှာပါ” ဟု ၎င်းကပြောသည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် အမတ် ၃၀ ကျော် ကိုယ်စားပြုထားနိုင်သည့် ANP တွင် အမျိုးသမီး တစ်ဦးသာ ပါဝင်သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ အောက်တိုဘာအတွင်း ကျင်းပမည့် ဗဟိုကော်မတီ အစည်းအဝေးတွင် ဆွေးနွေးမည်ဟု ဒေါ်အေးနုစိန်က ဆိုသည်။

“ပါတီညီလာခံမှာ လူအကန့်အသတ်နဲ့ တက်ရတဲ့အတွက် လူငယ်နဲ့ အမျိုးသမီးအရေအတွက် ရာခိုင်နှုန်းတစ်ခု ပါဝင်ဖို့ တိုက်တွန်းခဲ့တယ်။ ဒါပေမယ့် ထင်သလောက်မဖြစ်ခဲ့ဘူး၊ လွှတ်တော်မှာပါဖို့ အတွက်ကတော့ ဆက်ဆွေးနွေးရဦးမယ်” ဟု  ဗဟိုအလုပ်မှုဆောင်အဖွဲဝင် ဦးအေးသာအောင်ကပြောသည်။

ANP ညီလာခံကို စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတွင် ပြုလုပ်ခဲ့သည်။ ယင်းတွင် ပါတီ ဦးဆောင်သူတို့ကို ရွေးချယ်မှုအပြီး ဒုတိယ ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နှစ်နေရာတွင်သာ အမျိုးသမီးတို့ ပါဝင်သည်။