တောင်ကြီးမြို့ တပ်စခန်းများရှေ့ ဗုံးပေါက်ကွဲ

တောင်ကြီးမြို့ တပ်စခန်းများရှေ့ ဗုံးပေါက်ကွဲ
by -
မဇ္စျိမ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)၊ အမှတ် ၂၁၂ ဆက်သွယ်ရေးတပ်၊ ယာဉ်ထိန်းရုံးရှေ့တို့၌ အောက်တိုဘာ ၄ရက် ည ၁၀နာရီ ၄၅မိနစ်ခန့်က ဗုံးသုံးလုံးပေါက်ကွဲ၍ ယာဉ်ထိန်းရဲနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြို့မရဲစခန်းက မဇ္စျိမကို အတည်ပြုပြောသည်။

ရပခရှေ့ရှိ ဘတ်စ်ကားမှတ်တိုင်တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့သဖြင့် ခေါင်မိုးပွင့်ထွက်သွားပြီး အနီးတွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံး ရှာဖွေတွေ့ရှိခဲ့သည်။ တစ်ပြိုင်နက် ဆိုသလိုပင် ဆက်သွယ်ရေးတပ်နှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းရုံး အနီး၌ ဗုံးတစ်လုံး ထပ်မံ ပေါက်ကွဲခဲ့သည်။ ထို့ပြင် ယာဉ်ထိန်းရဲရုံး အနီး၌လည်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနီးရှိ ယာဉ်ထိန်းရဲနှစ်ဦး ခြေထောက်ဒဏ်ရာ (စိုးရိမ်ရ) နှင့် လက်မောင်းဒဏ်ရာ ရရှိခဲ့သည်။

ယင်းအပြင် ရပခရှေ့ လမ်းလယ်ကျွန်းမျောနှင့် ၎င်းနှင့် မနီးမဝေး နေရာတွင် မပေါက်ကွဲသေးသည့် ဗုံးနှစ်လုံးကို ထပ်မံ တွေ့ရှိခဲ့ပြီး ည ၁၂နာရီ ၄၅မိနစ်ခန့်တွင် ဖောက်ခွဲဖျက်ဆီးလိုက်သည်ဟု ဆိုသည်။

"ထောင်တဲ့သူကို မမိသေးဘူး။ လုံခြံုရေးအတွက် စောင့်ကြည့်နေပါတယ်"ဟု တောင်ကြီးမြို့ ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအဖွဲ့ ခေါင်းဆောင် ဦးသန်းရွှေက ပြောသည်။ တောင်ကြီးမြို့မ ရဲစခန်း တာဝန်ကျ အရာရှိကလည်း "စုံစမ်းတုန်းပဲ"ဟု ဆိုကာ လက်လုပ်မိုင်းဟု ယူဆကြောင်း ထုတ်ဖော်ပြောသည်။

ယင်းဖြစ်စဉ်အပြီး တောင်ကြီးမြို့တွင် လုံခြံုရေးများ တိုးမြှင့်ချထားသည်။

Most read this week