လူငယ်များအနေဖြင့် နိုင်ငံရေးလုပ်နေခြင်းသည် မိမိနိုင်ငံအတွက်သာ ဖြစ်စေချင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားလိုက်သည်။
၎င်းက အောက်တိုဘာ ၄ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့် NLD ၏ ပထမအကြိမ် နိုင်ငံလုံး ဆိုင်ရာ ဗဟိုလူငယ်ဦးဆောင်အဖွဲ့ အစည်းအဝေးတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
"ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း နိုင်ငံရေးလုပ်တာ နိုင်ငံအတွက်ပဲ ဖြစ်စေချင်တယ်။ ဒီနှစ်ခုက အင်မတန်မှ နီးစပ်နေတဲ့အခါကြတော့ အင်မတန်မှ ခွဲခြားရခက်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယင်းအပြင် လူငယ်များအနေဖြင့် နိုင်ငံအတွက် အကျိုးရှိစေသည့် နိုင်ငံရေးလုပ်ရန် အရည်အချင်း မြှင့်တင်ရန်လည်း လိုအပ်သည်ဟုလည်း သတိပေးလိုက်သည်။ လူငယ်များ၏ အရည်အချင်း သတ်မှတ်ရာ၌ ပညာရေးစနစ်သည်
အရေးပါပြီး လူငယ်များကိုယ်တိုင်ကလည်း အရည်အချင်းဖြည့်ရမည်ဖြစ်ကာ ရရှိသည့်အချိန်ကို တန်ဖိုးထား၍ အကျိုးရှိစွာ အသုံးချသင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
"ရှုံးတယ်ဆိုတာကလည်း ဘယ်သူကမှ မရှုံးချင်ဘူး။ မရှုံးချင်ပေမယ့်လည်း ဘဝမှာ အရှုံးနဲ့ရင်ဆိုင်ရရင် ဘယ်လိုပုံစံနဲ့ ရင်ဆိုင်မလဲဆိုတာ အများကြီးအရေးကြီးတယ်။ အရှုံးကို ရင်ဆိုင်တတ်တဲ့သူက နောင်မှာနိုင်ဖို့ အလားအလာများတယ်" ဟုလည်း လူငယ်များအပေါ် သူမက အားပေးစကားလည်းပြောခဲ့သေးသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ်ဦးဆောင်အဖွဲ့ စည်းအဝေးတွင် လူငယ်သက်တမ်း သတ်မှတ်ခြင်းအား ဆိုင်းငံထားရန်၊ ဗဟိုလူငယ်ဦးဆောင် အစည်းအဝေးအား လေးလ တစ်ကြိမ်ကျင်းပသွားရန်၊ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်း အမှတ်ပွဲကျင်းပနိုင်ရေး ဗဟိုကော်မတီဖွဲ့ရန်၊ ပြည်နယ်နှင့်တိုင်း
လူငယ်အဖွဲ့ဝင်များက လုပ်ငန်းအစီရင်ခံစာများကို သုံးလတစ်ကြိမ် တင်ပြသွားရန်၊ အသက် ၃၅ နှစ်ကျော်လွန်သော လူငယ်များအား လူငယ်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပြီးဖြစ်ကြောင်း နှင့် အသက် ၃၀ နှင့် ၃၅ နှစ်အတွင်းလူငယ်များအား
တာဝန်ပေးအပ်ခြင်းကိစ္စအား ရပ်ဆိုင်းထားရန် ဆွေးနွေးခဲ့ကြပြီး သဘောပတိက ယင်းအချက်မျာကို သဘောတူညီခဲ့သည်။
မြန်မာနိုင်ငံက လူငယ်ထုအတွက် အလုပ်ရှားပါးမှု၊ အလုပ်လက်မဲ့ဖြစ်မှုကြောင့် ဖြစ်ပေါ်လာသည့် မျှော်လင့်ချက် မဲ့မှုသည် ပြဿနာ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်လ ၃၀ ရက်က တော်ဝင်နှင်းဆီခန်းမတွင်
ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်မျိုးဆက်များတွေ့ဆုံပွဲတွင် ပြောကြားခဲ့ဖူးသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို ဇူလိုင်လ ၅ရက် နှင့် ၆ ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီးခန်းမပြုလုပ်ခဲ့သေးသည်။