ရုံးချိန်းပေါင်းမြောက်မြားစွာဖြင့် အစစ်ဆေးခံနေရသော ဦးဆန်းဆင့်အား သက်သေခံပေးရန် ရေကြည်မြို့နယ် အတွင်းရှိ ကျောင်းထိုင်ဆရာတော် သုံးပါးလာရောက် စစ်ဆေးခံခဲ့ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးဆန်းမြင့်က အတည်ပြုပြောသည်။
“ဆရာတော်တွေကတော့ ဝိနည်းတော်နဲ့အညီ ဟုတ်တိုင်းမှန်ရာ အစစ်ခံသွားတဲ့အတွက် ကောင်းပါတယ်” ဟု မဇ္ဈိမကို ၎င်းက အတည်ပြုပြောကြားသည်။
ဦးဆန်းဆင့်ကို စွဲဆိုထားသော နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)၊ ယုံကြည်အပ်နှံအလွဲသုံးမှု ပုဒ်မ ၄၀၉/၁၀၉ တို့ဖြင့် တရားရင်ဆိုင်နေရပြီး အောက်တိုဘာ ၃ ရက် ရုံးချိန်း၌ ပုဒ်မ ၄၀၉ အတွက် သက် သေမလာနိုင်သည့်အတွက် ပုဒ်မ တစ်ခုတည်းအတွက်သာ စစ်ဆေးခဲ့သည်။
ဇူလိုင်လ ၃ ရက် ဒုတိယအကြိမ်ရုံး ထုတ်စဉ် ဦးဆန်းဆင့်က “သံဃာ့အကျိုး ဆောင်ရွက်တဲ့ သူက သာသ နာရဲ့အစောင့် အရှောက်ကို ယုံကြည်ပါတယ်။ ဆရာတော်၊ သံဃာတော် အပေါင်းတို့ဟာ မှန်မှန်ကန်ကန် ရပ်တည်ခဲ့တဲ့ ကျွန်တော့်ဘက်ကို ရပ်တည်ပေးပါ၊ စောင့်ရှောက်ပေးပါ။ သမ္မာဒေဝနတ်ကောင်း နတ်မြတ် များ စောင့်ရှောက်ပေးပါ၊ ကျွန်တော်ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားမလုပ်ပါဘူး၊ ယနေ့အထိ ကျွန်တော် သစ္စာဆိုရဲပါတယ်”ဟု လုံခြံုရေးများကြားမှ မီဒီယာများကို ပြောသည်။
ဇွန်လ ၁၉ ရက်မှစတင် စစ်ဆေးခံနေရသော ဦးဆန်းဆင့်သည် ရမည်းသင်း အကျဉ်းထောင်တွင်း ကျန်းမာရေး ဆိုးရွားမှုများ ခံစားခဲ့ရသော်လည်း ယခုချိန်တွင် ကျန်းမာရေးပြန်ကောင်းလာပြီဖြစ်ကြောင်းလည်း ရှေ့နေ ဦးဆန်းမြင့်ကပြောသည်။