နိုင်ငံအပေါ် စေတနာမရှိခြင်းကြောင့် နိုင်ငံပိုင်လုပ်ငန်းများ အရှုံးပေါ်ဟု လွှတ်တော်အမတ်များ ပြင်းပြင်းထန်ထန်ဝေဖန်

နိုင်ငံအပေါ် စေတနာမရှိခြင်းကြောင့် နိုင်ငံပိုင်လုပ်ငန်းများ အရှုံးပေါ်ဟု လွှတ်တော်အမတ်များ ပြင်းပြင်းထန်ထန်ဝေဖန်
by -
မဇ္စျိမ

နိုင်ငံပိုင်လုပ်ငန်းများ အရှုံးပေါ်နေရခြင်းသည် ဝန်ကြီးဌာနများက နိုင်ငံအပေါ် စေတနာမရှိခြင်း အပါအဝင် အဂတိလိုက်စားခြင်း၊ စီမံခန့်ခွဲမှု အားနည်းခြင်းတို့ကြောင့်ဟု စက်တင်ဘာ ၂၉ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အမတ်များက ဝေဖန်ပြောဆိုလိုက်သည်။

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများက စီမံခန့်ခွဲလျက်ရှိသည့် စက်ရုံအလုပ်ရုံများအနက် အရှုံးပေါ်နေသည်ကို ဝန်ကြီးများက လွှတ်တော်သို့လာရောက် ရှင်းလင်းရာတွင် အမတ်တို့က ဝေဖန်လိုက်ခြင်း ဖြစ်သည်။

Derail

ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက “စက်ရုံတွေ ရှုံးရတဲ့အကြောင်းရင်းကို လေ့လာကြည့်တဲ့အခါ အဓိကအားဖြင့် သုံးချက်ပဲတွေ့ရတယ်။ စီမံခန့်ခွဲမှု အားနည်းတယ်၊ အဂတိလိုက်စား မှုတွေ ရှိနေတယ်၊ နိုင်ငံတော်အပေါ်မှာ စိတ်စေတနာ နည်းပါးတယ်” ဟု ဝေဖန်ပြောဆိုသည်။

ထို့ပြင် စက်ရုံများ ခေတ်မမီခြင်း၊ လျှပ်စစ်ဓာတ်အား မရခြင်း၊ ကုန်ကြမ်းရရှိသည့်နေရာနှင့် ဝေးရာတွင် စက်ရုံတည်ထားခြင်း၊ ဝန်ထမ်းအရေအတွက်များစွာ အသုံးပြုသော်လည်း စွမ်းရည်နည်းပါးခြင်းတို့ကလည်း နိုင်ငံပိုင်လုပ်ငန်းများ အရှုံးပေါ်စေသည့် အချက်များဖြစ်သည်ဟုလည်း ထောက်ပြပြောဆိုသည်။

“အလုပ်မလည်ပတ်နိုင်သော်လည်း လစာပေးထားတာက နိုင်ငံတော်ရဲ့ငွေကိုလည်း ဖြုန်းတီးရာ ကျနေပါတယ်” ဟု ဒေါ်နန်းဝါနုက ပြောသည်။ အရှုံးကြီးရှုံးနေသည့် လုပ်ငန်းများနှင့် ဝန်ကြီးဌာနများ မည်သည့်အတွက် ထားရှိသနည်းဟုလည်း မေးခွန်းထုတ်ခဲ့သည်။

“ပြည်သူလူထုကိုလည်း အကျိုးမပြု၊ နိုင်ငံတော်ကိုလည်း အကျိုးမပြုတဲ့ လုပ်ငန်းများ ဌာနများကို ဘာကြောင့် ဆက်လုပ်နေရသလဲ၊ ဘာကြောင့် ထားနေရသေးသလဲ” ဟု မေးခွန်းထုတ်ခဲ့သည်။

ပြည်သူ့လွှတ်တော်အမတ် ဒေါ်တင်နွယ်ဦးကလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဖွဲ့နုဆီလုပ်ငန်းသည် စက်ပစ္စည်းစျေးကြီးရုံသာမက မအောင်မြင်ဘဲ ဆက်လည်ပတ်နေသည်မှာ အံ့သြဖွယ်ဖြစ်သည်ဟု ဝေဖန်ခဲ့ပြီး ယင်းကြောင့်အစိုးရကို နှစ်ပေါင်းများစွာလိုငွေပြမှု ပိုမိုတိုးပွား စေမည်ဟုလည်း ထောက်ပြသွားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတို့က အရှုံးပေါ်လျက်ရှိ သောစက်ရုံ၊ အလုပ်ရုံများ အခြေအနေနှင့် ပုဂ္ဂလိကပိုင်လုပ်မှု အခြေအနေများကို ရှင်းလင်းခဲ့သည်။