ပုဇွန်တောင် အမတ်လွှတ်တော် သုံးနှစ်ကျော် ကာလအတွင်း မဲဆန္ဒရှင်များနှင့် မထိတွေ့

ပုဇွန်တောင် အမတ်လွှတ်တော် သုံးနှစ်ကျော် ကာလအတွင်း မဲဆန္ဒရှင်များနှင့် မထိတွေ့
by -
မဇ္စျိမ

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ပုဇွန်တောင်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်သည် ၎င်း၏ လွှတ်တော်ကိုယ်စားလှယ် သက်တမ်းအတွင်း ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင် ပြည်သူများနှင့် ထိတွေ့မှု လုံးဝမရှိဟု ပုဇွန်တောင်မြို့နယ်နေ တက်ကြွလှုပ်ရှားသူများက စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားလိုက် သည်။

ပြည်သူ့လွှတ်တော်တွင် ပီအာရ်စနစ်ကို ဦးဆောင်အဆိုတင်သွင်းသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင် ပြည်သူများ၏ ကန့်ကွက်ရှုတ်ချပွဲတွင် စာနယ်ဇင်းရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပုဇွန်တောင်မြို့နယ်မှာ သူ့ရဲ့ရုံးခန်းလည်း မရှိဘူး။ သူ့ကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ နောက်ပြီး သူဘယ်မှာနေလဲဆိုတာလည်း မသိဘူး။ ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သိန်းတစ်ထောင် ကိစ္စတုန်းကလည်း ကျွန်တော်တို့ ဘာမှမသိရဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သူ့ရဲ့ မဲဆန္ဒရှင် ပြည်သူတွေ တွေ့ဆုံပွဲကိုလည်း ကျွန်တော်တို့ တစ်ခါမှမလုပ်ဖူးဘူး” ဟု ပုဇွန် တောင်မြို့နယ်မှ ဦးကျော်က ပြော သည်။

ဆန္ဒပြရသည့် အကြောင်းရင်းနှစ်ချက်ရှိပြီး တစ်ခုမှာ မြန်မာနိုင်ငံတွင် ကျင့်သုံးရန်မသင့်သည့် ပီအာရ်စနစ်ကို ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်း ခြင်းနှင့် လွှတ်တော်သက်တမ်း သုံးနှစ်အတွင်း ၎င်း၏ဆောင် ရွက်မှုများကို ပြည်သူများအားချပြခြင်း မရှိသောကြောင့်ဟု ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲကာလက ကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီကို ဆန္ဒမဲမထည့်ဘဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်လာသော အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ဒီမိုကရေစီအင်အားစုဟုဆိုကာ လူကိုမကြည့်ဘဲ မူဝါဒကိုသာကြည့်၍ ဆန္ဒမဲပေးခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပုဇွန်တောင်မြို့ နယ်မှ မလှလှက ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ထံ မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ညနေ ၅ နာရီကျော်ထိဖုန်းပိတ် ထားသည့်အတွက် ဆက်သွယ်၍ မရခဲ့ပေ။