အပစ်ရပ်မူကြမ်းဆွေးနွေးမှု ရလဒ်အားနည်း၊ ဆက်လက်တွေ့ ရန်သာ သဘောတူ

အပစ်ရပ်မူကြမ်းဆွေးနွေးမှု ရလဒ်အားနည်း၊ ဆက်လက်တွေ့ ရန်သာ သဘောတူ
by -
မဇ္စျိမ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆဥ္စမမြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း တွေ့ဆုံ ဆွေးနွေးမှုတွင် နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံရန်သာ သဘောတူညီမှုရရှိခဲ့သည် ဟု NCCT ခေါင်းဆောင် နိုင်ဟံသာ က ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းအပေါ် စက်တင်ဘာ ၂၂ မှ ၂၆ ရက်ထိ ငါးရက်ကြာ ဆွေးနွေးမှုတွင် လာမည့် အောက်တိုဘာလအတွင်း ထပ်မံ တွေ့ဆုံရန်သာ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

NCCT-leader-nai-han-tha-sep26

“ဒီပွဲမှာ ရလဒ်ကြီးကြီးမားမား မရှိသလောက်ပါဘဲ။ အသေးအဖွဲတွေဘဲ သဘောတူညီမှုရပါတယ်။ နောက် အပတ်မှာ ဆက်တွေ့ဖို့ ဒီလောက်ပါဘဲ။ တင်ပြချက်တွေထဲက သဘော မတူတဲ့ဟာတွေကို ပြန်ပြီးစဉ်းစားဖို့ဘဲ အဆုံးသတ် လိုက်ရတယ်” ဟု နိုင်ဟံသာက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီမှု ရရှိရန်အတွက် တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ကြားကာလ စည်းမျဉ်း စည်းကမ်းများ၊ နိုင်ငံရေး ဆွေးနွေးမှုတွင် ပါဝင်ရမည့် အစုအဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးရာတွင် အသိသက်သေများအဖြစ် ပါဝင်ရေး ဟူသော အချက်များ ဆက်လက် ညှိနှိုင်းရန် ရှိနေသေးကြောင်း သူက  ပြောသည်။

NCCT မှ တင်ပြမှုကို အစိုးရ ကိုယ်စားလှယ်များက ဆုံးဖြတ်ပိုင်ခွင့်မရဘဲ အထက်ကို ပြန်လည် ဆွေးနွေးရန် လိုအပ်မှုများ ရှိနေသဖြင့် ဆွေးနွေးမှု ကြံ့ကြာနေကာ လာမည့် ဆွေးနွေးပွဲတွင်လည်း ညှိနှိုင်းနိုင်ဖွယ် မရှိကြောင်း သူက ဆက်လက် ပြောဆိုသည်။

“ပြည်ထောင်စု တပ်မတော်နဲ့ ပတ်သက်လို့ သူတို့က မဆွေးနွေးချင်ဘူး။ လာမဲ့လမှာလည်း ပြီးနိုင်တဲ့အနေ အထား သိပ်မရှိသေးဘူး။ အမြင်မတူညီတာကြောင့်လည်း ပါတယ်။ များသောအားဖြင့် သူတို့ဘက်က ကိုယ်စားလှယ်တွေက ဆုံးဖြတ်မပေးဘူး။ အထက်ကို တင်ရမယ်ဆိုတဲ့ဟာဘဲ များနေတယ်” ဟု သူက ပြောသည်။

တိုင်းရင်းသားများ တင်ပြသော ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကို အစိုးရဘက်မှ ပယ်ချခဲ့ပြီး နိုင်ငံရေး ဆွေးနွေးမှုတွင် သုံးပွင့်ဆိုင်ပါဝင်ရန် တိုင်းရင်းသားများ တင်ပြခဲ့သော်လည်း အစိုးရဘက်မှ ရ ပွင့်ဆိုင် ပါဝင်ရန် တင်ပြခဲ့သဖြင့် ဆက်လက် ညှိနှိုင်းရန် လိုအပ်နေခြင်း ဖြစ်သည်။

ထို့ပြင် လာမည့် အောက်တိုဘာလ တွေ့ဆုံ ဆွေးနွေးပွဲအတွင်း ကုလမသဂ္ဂနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ များ၏ကိုယ်စားလှယ်များ ပါဝင်ရန် ဖိတ်ကြားရန် သဘောတူညီမှု ရရှိထားသည်ဟု သူက ဆိုသည်။

တစ်ဖက်နှင့် တစ်ဖက်အကြား အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများနှင့် သဘောတူညီမှုများ ပိုမိုရရှိခဲ့ပြီး နှစ်ဖက် ကိုယ်စားလှယ်များအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အမြန်ဆုံးချုပ်ဆိုရေးနှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲကို အမြန်ဆုံး ကျင်းပ၍ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရှိရေးအတွက် ကြိုးပမ်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ငါးရက်ကြာ ဆွေးနွေးပွဲအပြီး ပူးတွဲကြေငြာချက်တွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်နေရးထိုးနိုင်ရန်အတွက် ဆွေးနွေးနိုင်ခဲ့ခြင်းမှာ ရလဒ်တခုဖြစ်ပြီး နှစ်ဖက် ကိုယ်စားလှယ်များ ပြန်လည် တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ပြင်ဆင်သည့် အစည်းအဝေးကို နှစ်ပတ်အတွင်း နှစ်ဖက် ကျင်းပနိုင်ဖွယ် ရှိသည်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) မှ ဦးလှမောင်ရွှေ က ပြောသည်။

“ကြန့်ကြာနေတာက တဖက်နဲတဖက် ရပ်တည်ချက်တွေ ရှိတာပေါ့။ သူတို့ခေါင်းဆောင်တွေပေးမဲ့ လောခီးလာမူတို့ ဘာတို့ ရှိသလို၊ ဒီဘက်ကလည်း မူတွေရှိတော့ အဲဒီမူထက်ကျော်ပြီးတော့ ညှိလို့တော ့မရသေးဘူး။ အဲဒါကြောင့် တဖက်ဖက်က ခေါင်းဆောင်တွေဘက်က မူကို ပြန်ပြီး ပြင်နိုင်ဖို့တော့ တင်ပြဆွေးနွေးရမှာပေါ့” ဟု သူက ပြောသည်။

စက်တင်ဘာလ ၂၇ ရက်တွင် နိုင်ငံရေးမူဘောင်နှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ၊ UPWC နှင့် NCCT တို့ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) တွင် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

Most read this week