အစိုးရစစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) တို့ ယခု နေ့လည်တွင် မြဝတီမြို့၌ ပစ်ခတ်မှု ဖြစ်ပွားနေသည်ဟု နယ်ခြားစောင့်တပ်မှ အရာရှိတစ်ဦးနှင့် မြဝတီ မြို့ခံတစ်ဦးက မဇ္စျိမကို စက်တင်ဘာ ၂၇ ရက် က အတည်ပြု ပြောဆို သည်။
နယ်ခြားစောင့်တပ်ရင်းမှ ဗိုလ်မှူး နိုင်မော်ဇော်က “မြဝတီမြို့မောနင်းစတား လက်ဖက်ရည်ဆိုင် အနောက် ဘက်မှာ ခလရ ၂၄ တပ်က နေရာတက်ယူတာကို DKBA ဘက်က စတင် ပစ်ခတ်တာ၊ အခု ပစ်နေတုန်းပဲ” ဟု မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီခန့်က ပြောသည်။
အလားတူ မြဝတီ မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်သည့် ကိုတင်ဦး ကလည်း “လူတွေက ပြေးပြီး လာကြတယ်။ မြဝတီမှာ ပစ်နေပြီ၊ တံခါးတွေ ပိတ်ကြဆိုပြီး ဆိုင်ကယ်သမားတွေ အော်ပြီး လိုက်ပြောတာ၊ ကျွှန်တော်လည်း ဆိုင်ကို တံခါးပိတ်နေပြီ ၊ မြို့ထဲမှာလည်း တိတ်ဆိတ် ကုန်ပြီ” ဟု ကိုတင်ဦးကလည်း မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။
DKBA ဘက်မှ တာဝန်ရှိသူများကို အချိန်နှင့် တပြေးညီ ဆက်သွယ်မေးမြန်းရန် မဇ္စျိမ ကြိုးစားနေသော်လည်း အဆက်အသွယ် မရသေးပေ။
ယမန်နေ့ကလည်း မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၌ ခလရ ၂၀၈ တပ်ပိုင်ယာဉ်ကို DKBA ဘက်က စတင် ပစ်ခတ်ခဲ့ရာမှ အစိုးရတပ်နှင့် DKBA တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်မှ ဗိုလ်မှူးတစ်ဦး ၊ တပ်ကြပ် တစ်ဦးနှင့် တပ်ကြပ်ကြီး တဦးတို့ ဒဏ်ရာရခဲ့သည်။
ယနေ့ မြဝတီ၌ ထပ်မံ ဖြစ်ပွားနေသည့် တိုက်ပွဲသည်လည်း ယမန်နေ့က တင်းမာမှု၏ နောက်ဆက်တွဲဖြစ်သည်။