မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်နှင့် မုဒုံ မြို့နယ်တို့ရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့ဝင်များ၏ နေအိမ်ကို စစ်တပ်က ဝင်ရောက်ရှာဖွေကာ သေနတ်သုံးလက်ကို သိမ်းယူခဲ့သည်ဟု မွန်ပြည်နယ် DKBA တာဝန်ခံ ဗိုလ်မှူးစောအောင်ကိုကိုက စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
၎င်းက ပဲခူးတိုင်း ၊ ညောင်လေးပင် မြို့နယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
စက်တင်ဘာ ၂၁ ရက်က ကျိုက်မရော မြို့နယ်ရှိ DKBA ၏ မွန်ပြည်နယ် ကွပ်ကဲရေးမှုး ဗိုလ်ကြီး ဝင်းအောင်နှင့် မုဒုံ မြိ့နယ်ရှိ မွန်ပြည်နယ် စီးပွားရေး တာဝန်ခံ ဗိုလ်ကြီး ဝင်းဇော်တို့အိမ်ကို လက်နက်ခဲယမ်း ရှာဖွေသည့် ကိရိယာဖြင့် ဝင်ရောက် ရှာဖွေခဲ့ခြင်းဖြစ်သည်။
စောအောင်ကိုကိုက “ယူနီဖောင်း မဝတ်ဖို့ လက်နက်ကိုင်ဆောင်ပြီး မသွားဖို့ သဘောတူညီထားတယ်။ ဒါကို ကျွန်တော်တို့ လိုက်နာတယ်။ လက်နက်ကိုင် အိမ်မှာ လက်နက်ရှိတာ မဆန်းဘူး။ လက်နက်ကလည်း ဗိုလ်ကြီး စောဆန်းအောင် (DKBA ဗျူဟာမှူး)က ငြိမ်းချမ်းရေး ဆွေးနွေးပွဲသွားလို့ အပ်ခဲ့တာ" ဟု ဆိုသည်။
ထိုသို့ ဝင်ရောက် ရှာဖွေရှာဖွေရာတွင် စစ်တပ်နှင့် ရဲအင်အား ၅၀ ကျော်က ကားခြောက်စီးဖြင့်လာကာ ဝင်ရောက် ရှာဖွေခဲ့သည်ဟု မွန်ပြည်နယ် ကွပ်ကဲရေးမှုး ဗိုလ်ကြီး ဝင်းအောင်က ဆိုသည်။
၎င်းက “ဒီလို ရှာဖွေတဲ့ အတွက် DKBA တပ်ဖွဲ့ တစ်ခုလုံးရဲ့ သိက္ခာကို ကျဆင်းစေပါတယ်" ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၉ရက်ကလည်း မြဝတီမြို့တွင် DKBA အဖွဲ့က မောင်းနှင်လာသော ကားသည် အရပ်သားများနှင့် လုံခြုံရေးအဖွဲ့၏ ကားကို ဝင်တိုက်ခဲ့ရာမှ စ၍ လက်နက်ကိုင်ဆောင်ထားသည်ကို တွေ့မြင်ရသည် ဆိုသော ငြင်းခုံမှုဖြစ်ကာ နယ်ခြားစောင့်တပ်နှင့် တပ်မတော်ဘက်မှ DKBA အဖွဲ့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဗိုလ်တစ်ဦးသေဆုံးကာ တပ်သားတဦး ဒဏ်ရာရရှိခဲ့သေးသည်။
သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် စက်တင်ဘာ ၂၆ ရက် နံနက်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့၌ အစိုးရတပ်နှင့် DKBAတို့ ပစ်ခတ်မှု တစ်ခု ဖြစ်ခဲ့ပြီး တပ်ဘက်မှ ဗိုလ်မှူးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ အမည်မဖော်လိုသည့် အရာရှိ တစ်ဦးကလည်း ပြောသည်။