တောင်သူ သုံးထောင်ကျော် မကွေးတွင် ဆန္ဒပြ

တောင်သူ သုံးထောင်ကျော် မကွေးတွင် ဆန္ဒပြ
by -
မဇ္စျိမ

ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျေးရွာပေါင်း ၁၁ ရွာမှ တောင်သူဦးရေ သုံးထောင်ကျော်တို့က စက်တင်ဘာ ၂၅ ရက်နေ့တွင် တိုင်းအစိုးရ ရုံးစိုက်ရာ မကွေးမြို့သို့ လာရောက် ချီတက်ဆန္ဒပြကြသည်။

ဆန္ဒပြပွဲအတွက် ကြိုတင်ခွင့်ပြုချက် တောင်းခံရာတွင် ၂၈ ရက်သို့ ပြောင်းလဲပြုလုပ်ရန်၊ အင်အား သုံးရာ ဦးသာ သုံးရန်၊ မြို့တွင်းသို့ မဝင်ရန် ဒေသဆိုင်ရာ အုပ်ချုပ်ရေးဖက်က စည်းကမ်းသတ်မှတ်ခဲ့သော်လည်း တောင်သူတို့က မူလစီစဉ်သည့်အတိုင်း ဆန္ဒပြခဲ့ကြသည်။

Farmer-2

စီတန်းလှည့်လည်မှုအတွင်း မကွေးမြို့အဝင် နယ်မြေရဲစခန်းရှေ့ ကြာပန်းအဝိုင်း လမ်းဆုံအနီးတွင် တစ်ကြိမ်၊ ကန်သာယာရပ်ကွက် အေးစေတီဘုရားအနီးတွင်တစ်ကြိမ် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဝင်းချစ်က တားဆီး၍ စက်တင်ဘာ ၂၈ ရက်မှသာ ကျင်းပခွင့်ရှိသည်ဟု ဆန္ဒပြသူတို့ကို အသိပေးသည်။

၂၀၁၅ ခုနှစ်တွင် သစ်တောဝန်ကြီးဌာနက ဘရုံကြိုးဝိုင်းအဖြစ် သတ်မှတ်ရာတွင် ပါဝင်သွားသော ယာမြေဧကပေါင်း ၂၅၀၀၀ ခန့်ကို စိုက်ပျိုးမြေယာအဖြစ် ပြန်လည်သတ်မှတ်ပေးရေး၊ ကြိုးဝိုင်း ပယ်ဖျက်ပေးရေး ဆန္ဒပြကြခြင်းဖြစ်သည်ဟု တောင်သူတို့က ဆိုသည်။

ဘရုံသစ်တော ကြိုးဝိုင်းပယ်ဖျက်ရေး၊ ဓားမဦးချဘိုးဘွားပိုင်မြေ အသိအမှတ်ပြုရေး၊ ။ လယ်ယာမြေ မှတ်ပုံတင် ရရှိရေး ကြွေးကြော်ကြပြီး မကွေးမြို့သို့ ကားကြီး အစီးနှစ်ဆယ်ဖြင့်လာရောက်၍ အင်အား သုံးထောင်ကျော် ပါဝင်သည်ဟု ဆန္ဒပြခေါင်းဆောင်တို့က ပြောသည်။