လျှပ်စစ်ကြိုးများကို ပြည်သူများ အန္တရာယ်ကင်းစေရန် လျှပ်တားအကာပါသည့်ကြိုး ပြောင်းလဲတပ်ဆင်မည် ဆိုပါက လျှပ်စစ် ဓာတ်အားပေါ်မူတည်ပြီး ဓာတ်ကြိုးတစ်မိုင်လျှင် ကျပ်သန်း ၉၃၀ ကုန်ကျမည်ဟု လျှပ်စစ်စွမ်း အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ပထမအကြိမ်အမျိုးသားလွှတ်တော် ၁၁ ကြိမ် မြောက်အစည်းအဝေးတွင် ပြောသည်။
လက်ရှိ လျှပ်တားအကာမပါသော လိုင်းကြိုး (Bare Conductor) များကို အန္တရာယ် ကင်းရှင်းစေမယ့် လျှပ်တားအကာပါသော ကြိုး (Insulation Coated Wire)ဖြင့် အစားထိုးမည်ဆိုပါက ဗို့အားပေါ်မူတည်၍ သုံး ဆခန့် ပိုမိုကုန်ကျမည်ဖြစ်ပြီး ဒီထက် စိတ်ချရအောင် မြေအောက်ဓာတ်ကြိုးစနစ်ကို သုံးမည်ဆိုပါက ၁၀ ဆ ခန့် ပိုမိုကုန်ကျ မည်ဖြစ်ပါတယ်” ဟု ဦးအောင်သန်းဦးက ပြောသည်။
လျှပ်တားအကာပါသော စနစ်ဖြင့် ပြောင်းလဲတပ်ဆင်မည်ဆိုပါက ဗို့အားပေါ်မူတည်ပြီး ကုန်ကျစရိတ်က တစ်မိုင်ကို အနည်းဆုံး ကျပ်သန်း ၅၅၈ မှ ကျပ်သန်း ၉၃၀ ခန့်အထိ ကုန်ကျမှာဖြစ်ပါတယ်” ဟု ဒုတိယ ဝန်ကြီး ဦးအောင်သန်းဦးက ပြောသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကြာကတည်းက ဆောင်ရွက်နိုင်ခြင်းမရှိသော လုပ်ငန်းစဉ်များဖြစ်သည့်အတွက် အချိန်တိုအတွင်း ဆောင်ရွက်နိုင်ခြင်း မဟုတ်ဘဲလဲ လှယ်တပ်ဆင်နိုင်ရန် ငွေကြေးအရင်းအနှီးလည်း လိုအပ် သည်ဟု ဆက်ပြောသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုစနစ်ကြောင့် ဘေးအန္တရာယ် ကြံုတွေ့ရသဖြင့် နစ်နာသူများ၊ နစ်နာမှုများကို ထိုက်တန်စွာကုစားပေးရန်နှင့် လျှပ်စစ်ဆိုင် ရာဘေးအန္တရာယ် လုံခြံုမှုအတွက် ထိရောက်စွာ ကာကွယ်ဆောင်ရွက်ပေးရန် အစီစဉ် ရှိ၊ မရှိ မေးမြန်ခြင်းအပေါ် အထက်ပါအတိုင်း ဖြေဆိုခဲ့သည်။
“ဒီဘဏ္ဍာနှစ်ကစပြီး လျှပ်စစ် ဓာတ်အားခများ တိုးမြှင့်ကောက်ခံခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူများကတော့ လျှပ်စစ်ဓာတ် ဗို့အားမပြည့်မီတာ၊ တည်ငြိမ်မှုမရှိတာ၊ အဆိုးရွာဆုံးစနစ်ကတော့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု၊ ဘေးကင်းလုံခြံုမှုမရှိတာ ဖြစ်ပါတယ်။ အနီးဆုံးဥပမာလေးကို တင်ပြရရင် လွန်ခဲ့တဲ့ရက်သတ္တပတ်မှာ ဓာတ်တိုင်မှ လျှပ်စစ်စီးဝင်နေသော ရေအိုင်ကိုနင်းမိသောကြောင့် ၁၁ နှစ်အရွယ် သမီးငယ် လေးတစ်ဦးရယ်၊ အမျိုးသမီး တစ်ဦးရယ် တိမ်းပါးခဲ့ရပါတယ်” ဟု ဒေါက်တာ မြတ်ဉာဏစိုးက မေးခွန်းတွင် ထည့်သွင်းပြောကြားသည်။
ထို့အပြင် လှိုင်သာယာတွင် အမျိုးသမီးသုံးဦး စျေးဝယ်ယူနေစဉ် ဓာတ်ကြိုးပြတ်ကျသည့်အတွက် အသက် ဆုံးရှုံးခဲ့ရပြီး လှည်းတန်းတွင်လည်း ဓာတ်ကြိုးပြတ်ကျခဲ့သည့်အတွက် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရသည် ဟုဆိုသည်။ အဓိကအကြောင်းရင်းမှာ လျှပ်စစ်ဓာတ်ကြိုးများ ဟောင်းနွမ်းသည့်အတွက် ပြတ်ကျခြင်းဖြစ်ပြီး သွယ်တန်းတပ်ဆင်ထားသည့် နေရာတွင်လည်း စိတ်ချလုံခြံုမှုမရှိခြင်းဖြစ်သည်ဟု ဆိုသည်။
ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ခွင့်ပြုခဲ့သော ဘဏ္ဍာငွေပမာဏသည် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံ ဟောင်းများ အစားထိုးလဲလှယ်တပ်ဆင်မှုအတွက် မလုံလောက်သည့်အပြင် ထပ်မံတိုးချဲ့တပ်ဆင် မှုများကို လည်း လိုအပ်သလောက် ဆောင်ရွက်နိုင်ခြင်း မရှိဘူးဟုဆိုသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနပိုင်းကမူ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ၆၆ ကေဗီ ဓာတ်အားလိုင်း၊ ၃၃ ကေဗီ ဓာတ်အားလိုင်း၊ ၁၁ ကေဗီ ဓာတ်အားလိုင်း စုစုပေါင်း မိုင်သုံးသောင်းကျော်ကို ပြုပြင်ပြောင်းလဲ တပ်ဆင်သွားရမည်ဟု ဆိုသည်။