ပ ဉ္စမ အကြိမ်မြောက်အပစ်ရပ်မူကြမ်း ဆွေးနွေးရာတွင် တိုင်းရင်းသားတို့ဘက်မှ အဓိကအဖြစ် တောင်းဆို ထားသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖော်ဆောင်ရေး အကောင်အထည်ဖော်ရန် လက်ခံလိုက်သည့် အပေါ် တပ်မတော်အထက်ပိုင်းကိုယ် စားလှယ်များက သဘောထားတင်းမာမှုများ ရှိနေသည်ဟု တစ်နိုင်ငံ လုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တွင် စက်တင်ဘာ ၂၂ ရက်က ပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် အပစ်ရပ် မူကြမ်းဆွေးနွေးပွဲအပြီးတွင် သတင်း မီဒီယာများကို ပြောဆိုလိုက်ခြင်းဖြစ်သည်။
“အပြတ်တော့ ပြောလို့မရသေးဘူး။ ကြည့်ရတာ တချို့ နည်းနည်းတင်းမာတဲ့ သဘောထားတွေရှိတယ်၊ ရှေ့အပတ်က ဖက်ဒရယ်ကိစ္စ ချမှတ်မှုအပေါ်မှာ အထက်ပိုင်းတပ်က သိပ်မကျေလည်ဘူး၊ နောက်ပြီး UNFC ကိုလည်း ဝေဖန်တယ်၊ ဒါကိုကြည့် ခြင်းအားဖြင့် ကောင်းတဲ့အနေအထားတော့ မဟုတ်ဘူး” ဟု ပြောသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) ၏ လုပ်ဆောင်ချက်များမှာ ငြိမ်းချမ်းရေးလုပ်ငန်းအပေါ် ထိခိုက်မှုများ ရှိလာနိုင် သည်ဟုလည်း စက်တင်ဘာ ၁၉ ရက်တွင် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိ များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
တပ်မတော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး -ကြည်း၊ အမှတ်(၁)မှ စစ်ဆင်ရေးအထူး အဖွဲ့မှူး၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက “တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မှာထဲထဲဝင်ဝင်ပါ၀င်တာ စစ်မှန်တဲ့စေတနာပါ။ ငြိမ်းချမ်းချင် လို့ပါ။ ငြိမ်းချမ်းရေးကို အလိုချင်ဆုံး ရှေ့ဆုံးကပါတဲ့သူကတော့ တပ်မတော်ပါ”ဟု MPC တွင် ပြောခဲ့သည်။
ထိုသို့ဆိုခဲ့သော်လည်း တပ်မတော်မှ ကာကွယ်ရေးဦးစီးချုပ်ချမှတ်ထားသည့် ထာဝရ ငြိမ်းချမ်းရေးရယူရန်၊ သဘောတူ စာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ၀န်ထုတ်ဝန်ပိုး မဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်ထားသော တည်ဆဲဥပဒေ များကို တိတိကျကျ လိုက်နာရန်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရများကိုလက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီကို လျှောက်လှမ်းရာတွင် လိုက်ပါရမည့်ဟူသည့် အချက်များ အား ပြင်ဆင်သွားမည်မဟုတ်ဟု ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများက ဒီမိုကရေစီရေးနှင့် အမျိုးသား တန်းတူရေးများ အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်မှ သာလျှင် ရနိုင်မည်ဟူသည့် ကန့်ကွက်မှုများ ရှိသည်။
ဆွေးနွေးပွဲတွင် ကျန်ရှိနေသေးသည့် ကြားကာလ တပ်ပိုင်းဆိုင်ရာ နေရာချထားရေး၊ နိုင်ငံရေးဆွေးနွေးပွဲ တွင် တက်ရောက်မည့် အစုအဖွဲ့ ကိစ္စရပ်များ၊ အပစ်ရပ်စဲရေး စာချုပ်တွင် ပါ၀င်လက်မှတ်ထိုးမည့်သူများ သတ်မှတ်ရေး စသည်တို့ကို သီးသန့်မဆွေးနွေခဲ့ဘဲ အခန်း(၁)မှစ ပြန်စစ်နေသည်ဟု နှစ်ဖက်ခေါင်း ဆောင်များက ဆိုသည်။
စစ်ဆေးရာတွင် အခန်း(၃)အထိ ပြီးစီးခဲ့ပြီး နိုင်ငံတော်လုံခြံုရေးနှင့် ပြည်ပရန် ကာကွယ်ရေးတွင် တပ်များ နေရာချထားရန်၊ စစ်ရေးပြင်ဆင်ရန် လိုအပ်ပါက ညှိနှိုင်းတိုင်ပင် လုပ်ဆောင်သွားရန် ဟူသည့် အချက်ကို သဘောတူညီထားသည်
အစည်းအဝေးတွင် တပ်ပိုင်းဆိုင်ရာ နေရာချထားရေးကိစ္စရပ်များကို အဓိက ဆွေးနွေးရမည်ဖြစ်သဖြင့် NCCT ဘက်မှ တပ်မှူးများ ခေါ်ဆောင်ခဲ့သည်
စက်တင်ဘာလ အစည်းအဝေးကို မူကြမ်းနောက်ဆုံးအပြီးသတ်နိုင်မည့် ဆွေးနွေးပွဲအဖြစ် နှစ်ဖက်ခေါင်း ဆောင်များမှ မျှော်လင့်ထားခဲ့သော်လည်း နိုင်ဟံသာက “ဒီတစ်ပတ်ကတော့ အပြီးသတ် နားလည်မှု ရနိုင် တယ်ဆိုတဲ့အဆင့်တော့ ဖြစ်ဖို့မလွယ်ဘူး” ဟု ခန့်မှန်းပြောဆိုသည်။
ဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက် တွင် စတင်ခဲ့ပြီး စက်တင်ဘာလ ၂၆ ရက် အထိ ဆွေးနွေးမှုများပြု လုပ်မည်ဟု နှစ်ဖက် ခေါင်းဆောင်များက ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့တို့ စတင်ညှိနှိုင်းစဉ်က အခန်း ခုနစ်ခန်းပါရှိပြီး အချက်ပေါင်း ၁၀၄ ချက်ရှိသည်။ ယခုမူ အချက်ငါးချက် သာ ဆွေးနွေးရန် ကျန်ရှိတော့သည်။