စကော့တလန် ဥပမာအပေါ် တိုင်းရင်းသားခေါင်းဆောင်များ အမြင်ကွဲ

စကော့တလန် ဥပမာအပေါ် တိုင်းရင်းသားခေါင်းဆောင်များ အမြင်ကွဲ
by -
မဇ္စျိမ

အင်္ဂလန်၊ စကော့တလန်၊ ဝေလပြည် နှင့် မြောက်ပိုင်း အိုင်ယာလန်တို့ ပါ၀င်သည့် ယူနိုက်တက် ကင်းဒမ်း နိုင်ငံ (ယူကေ) မှ စကော့တလန်က ခွဲမထွက်ဟု ဆုံးဖြတ်လိုက်ခြင်းအပေါ် မြန်မာတိုင်းရင်းသား ခေါင်း ဆောင်များကြားအမြင်ကွဲ အတွေးလွဲမှုများ ရှိနေကြသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြိမ်ကြိမ်ဆွေးနွေး  လျက်ရှိပြီး တိုင်းရင်းသားများ အစဉ်တစ်စိုက် တောင်းဆိုနေခဲ့ကြသည့် ဖက်ဒရယ်စနစ်ကိုလည်း မူအရ လက်ခံခဲ့ပြီးဖြစ်ကာ ယခု စကော့တလန်က ယူကေမှ ခွဲမထွက်ဘူးဟု ဆုံးဖြတ်လိုက်မှုအပေါ် တိုင်းရင်းသား များသည် အမြင်အမျိုးမျိုး ရှိနေကြသည်။

Scotland-No-vote-No-Thanks

အင်္ဂလန်မှ ခွဲထွက်ရန် ဆောင်ရွက်ခဲ့သည့် စကော့တလန်နယ်မြေကို အင်္ဂလန်က ခွဲထွက်ခွင့် ပြုထားသော် လည်း ယင်းသို့ခွဲထွက်မသွားစေနိုင်ရေးအတွက် အင်္ဂလန်အစိုးရက အခွင့်အရေးပေး ဆောင်ရွက်ခဲ့မှုများရှိခဲ့ သည်ဟု ချင်းအမျိုးသားတပ်ဦး အထွေထွေအတွင်းရေးမှူး ဆလိုင်းလျန်မှုန်းက ဆိုသည်။

ရခိုင်အမျိုးသားပါတီမှ ဦးဦးလှစောက “ကျွန်တော်တို့နိုင်ငံအနေနဲ့ကျတော့ တော်တော်လေး ကွာပါလိမ့် မယ်။ အဲ့တော့ ကျွန်တော်တို့က ခွဲထွက်ရေးစကားလုံးကို နိုင်ငံရေး စကားလုံးအနေနဲ့သော်လည်းကောင်း ပြောမယ်ဆိုရင် အာဏာကို တစ်လျှောက်လုံး ကိုင်လာခဲ့တဲ့ ဗမာအုပ်စိုးတဲ့အခါ သူတို့အနေနဲ့ကျတော့ လုံး ၀ကို ကြားနိုင်မှာမဟုတ်ဘူး” ဟု ဆိုသည်။

ထို့ပြင် “တိုင်းရင်းသားတွေဘက်က ကျတော့လည်း တိုင်းရင်းသားတွေမှာက စကော့တလန်မှာလို လုပ်မယ်ဆိုရင် တိုင်းရင်းသားတွေဘက်မှာလည်း စီးပွားရေး၊ လူမှုရေး အင်မတန် ဆိုးဆိုးရွားရွား ချွတ်ခြံု ကျနေတဲ့အတွက် ကြောင့် အုပ်စိုးတဲ့ ဗမာလူတန်းစားအပေါ်မှာ မုန်းတီးတဲ့သူရှိမယ်။ နောက်တစ်ခုက ဗမာ ၀ါဒလွှမ်းမိုးလာတဲ့ အတွက်ကြောင့် ကိုယ့်ဟာကိုယ် တိုင်းရင်းသားလို့မထင်ဘဲနဲ့ ဗမာထင်နေတဲ့လူလည်း ရှိမယ်။ ဗမာ့တပ်မတော်အနေနဲ့လည်း ဒါကို သူတို့ လုံးဝကြိုက်မှာ မဟုတ်ဘူး။ ကျွန်တော်တို့အတွက် ကတော့ အိပ်မက်လိုပဲ ဖြစ်နေမှာပေါ့” ဟု ဆိုသည်။

ကြံ့ခိုင်ရေးပါတီဝင် အမျိုးသားလွှတ်တော် အမတ်ဦးလှဆွေက “ကချင်ဖြစ်ဖြစ်၊ ရှမ်းဖြစ်ဖြစ်၊ ရခိုင်ဖြစ်ဖြစ် ဘယ်ပြည်နယ်ကို ခွဲထွက်ဖို့ ဆန္ဒမဲခံယူလိမ့်မယ်လို့ အဲ့လောက်ထိ လိုက်လျောလိမ့်မယ်လို့ ကျွန်တော်တော့ မမြင်ပါဘူးဗျာ” ဟု ဆိုသည်။

စကော့တလန်သည် ယူကေမှခွဲထွက်ရန် ဆန္ဒခံယူပွဲကျင်းပတော့မည်ဟု ဆိုလာသည့်အခါ ယူကေက ၎င်း တို့အနေနှင့် ဆန္ဒခံယူပွဲကာလအတွင်း စကော့တလန် လွှတ်တော်၏ လုပ်ပိုင်ခွင့်များကို တိုးမြှင့်ပေးမည်ဟု ဆိုခဲ့သေးသည်။

စကော့တလန်အစိုးရသည် ပညာရေး၊ ကျန်းမာရေးမူဝါဒ၊ သဘာဝပတ်ဝန်းကျင် မူဝါဒနှင့် တရားစီရင်ရေး တို့ကို စီမံပိုင်ခွင့်ရှိပြီး ယူကေအစိုးရကမူ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒများကိုသာ ချုပ်ကိုင်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရလက်ထက် က ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင် ဆင်ရေးအတွက် ကြိုးပမ်းနေဆဲသာဖြစ်ပြီး တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်စနစ်ဖြစ်လာခဲ့ ကျင့် သုံးရေးအတွက်မူ များစွာခက်ခဲနေသေးကာ လက်ရှိ အခြေခံဥပဒေပါ ဇယား (၁)၊ ဇယား(၂)ပါ ပြည်နယ် နှင့် တိုင်းများ၏ ရပိုင်ခွင့်များတွင် အငြင်းပွားနေရဆဲ ဖြစ်သည်။

စကော့တလန် ခွဲထွက်ရေးကဲ့သို့ မြန်မာနိုင်ငံတွင် မဲခွဲဆုံးဖြတ်ပါက တိုင်းရင်းသား အများစုမှာ ခွဲထွက်လို သည့် အခြေအနေများရှိနေသည်။ ယင်းကား ၂၀၀၈ ဖွဲ့စည်းပုံအတွင်း တိုင်းရင်းသား အခွင့်အရေး တန်းတူ ညီ မျှပေးအပ်ထားခြင်း မရှိခြင်းကြောင့်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က စကော့တလန်အရေးနှင့် မြန်မာနိုင်ငံ အခြေအနေကို နှိုင်းယှဉ်ကာ သုံးသပ်သည်။

“တိုင်းရင်းသားတွေကို တန်းတူအခွင့် အရေးမရှိလို့ အခုရှမ်းပြည်က အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီ။ တစ်ချိန် သူတို့က မခွဲဘူး ဆိုနိုင်လား၊ အဲဒီအခါကျ စကော့တလန်လို မဲခွဲလိုက်ရင် ခွဲမယ့်သူက ပိုများ မယ်” ဟု ၎င်းကပြောသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုးကန့်၊ ပလောင်၊ ဓနု၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအပြင် “ဝ” သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နယ်မြေဟု အစိတ်စိတ်အမြွှာမြွှာကွဲပြားနေပြီဟု ဦးဝင်းမြင့်က ဆိုသည်။

ယူနိုက်တက်ကင်းဒမ်းမှ စကော့တလန်က လွတ်လပ်ရေးယူပြီး ခွဲထွက် မထွက် လူထုဆန္ဒခံယူပွဲကို စက်တင်ဘာ ၁၈ က ကျင်းပခဲ့ပြီး ယနေ့တွင် အပြီးသတ် ရလဒ်များ ထွက်လာခဲ့ရာ မဲပေးပိုင်ခွင့်ရှိသူ စုစု ပေါင်း၏ ၈၄ ဒသမ ၅ ရာခိုင်နှုန်းက မဲပေး၍ မခွဲထွက်လိုသူများက အနိုင်ရသွားခဲ့သည်။

မဲပေးသူ စုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းက မခွဲထွက်ဟု ဆန္ဒပြုခဲ့ပြီး ၄၅ ရာခိုင်နှုန်းက ခွဲထွက်လိုကြောင်း မဲ ပေးခဲ့သော်လည်း မခွဲထွက်လိုသူများသဖြင့် စကော့တလန်သည် ယူကေထဲတွင် တစ်နိုင်ငံတည်းအဖြစ် ဆက်လက်ပေါင်းစည်း နေထိုင်ကြမည် ဖြစ်သည်။

ယူနိုက်တက်ကင်းဒမ်း (ဗြိတိန်) ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ထွက်ရှိလာသည့် ရလဒ်အပေါ် ၀မ်းမြောက်ကြောင်း ပြောဆိုလိုက်ပြီး ကတိပြုထားသည့်အတိုင်း စကော့တလန်အတွက် ပိုမိုသည့် ရပိုင်ခွင့် များပေးသွားမည်ဟု ဆိုထားသည်။

၁၆၀၃ ခုနှစ်တွင် စကော့တလန်၏ ဂျိမ်း(၆)ဘုရင်သည် အင်္ဂလန်၏ ဂျိမ်း(၁) ဘုရင်ဖြစ်ခဲ့ပြီး စကော့တလန် နှင့် အင်္ဂလန် နိုင်ငံနှစ်ခုစလုံးကို သက်ဦးဆံပိုင်ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၇၀၇ တွင် ယူနိုက်တက် ကင်းဒမ်းဟူသည့် ပြည်ထောင်စု ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး စကော့တလန် လွှတ်တော်ကို ပိတ်သိမ်းခဲ့သည်။

၁၉၃၄ ခုနှစ်တွင် စကော့တလန် အမျိုးသားပါတီ ပေါ်ပေါက်လာပြီး ၁၉၉၈ ခုနှစ်တွင် စကော့တလန် လွှတ်တော်ဥပဒေကို ပြန်လည် အဆိုတင်သွင်းကာ အသက်သွင်းခဲ့သည်။

၂၀၁၁ ခုနှစ်တွင် စကော့တလန်အမျိုးသားပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးနောက် ယခု ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ယူကေမှ ခွဲထွက်ရန် လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။