တပ်မတော်နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ တင်းမာမှုလျှော့ရန် ဆွေးနွေး

တပ်မတော်နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ တင်းမာမှုလျှော့ရန် ဆွေးနွေး
by -
မဇ္စျိမ

ကေအင်န်ယူ/ကေအင်န်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA Peace Council) နှင့် တပ်မတော် ခြေလျင် တပ်ရင်း ၂၇၅ တို့ကြား အပြန်အလှန် အသိပေးအကြောင်းကြားစာများ ထုတ် ပြန်နေခြင်း နှင့် ပတ်သက်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီတို့ စက်တင်ဘာ လ ၁၈ ရက်က မြဝတီမြို့တွင် ညှိနှိုင်းခဲ့ကြသည်။

အစိုးရအဖွဲ့ဘက်မှ ခြေလျင်တပ်ရင်း ၂၇၅ တပ်ရင်းမှူး၊ ဗိုလ်မှူးကြီး အဆင့်တစ်ဦးနှင့် ခရိုင်ရဲမှူးကြီးတို့ ပါ၀င်ခဲ့ကာ DKBA အဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးနှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီမှ မြဝတီဆက်ဆံရေးရုံးတာဝန်ခံများသာ ပါဝင်ခဲ့ပြီး ကရင်ငြိမ်းချမ်းရေးကောင်စီ နယ်စပ်လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး အထူးဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါး တက်ရောက်ခဲ့ခြင်းမရှိဘဲ DKBA ၏ ဒုတိယ စစ်ဦးချုပ်ကို ဖုန်းဖြင့်ဆက်သွယ်၍သာ ဆွေးနွေးပွဲတွင် ပါ၀င်ခဲ့သည်။

BGF

တပ်မတော်သားများကို ကရင်ပြည်နယ်အတွင်း မြို့တွင်း မြို့ပြင်သွားလာမှုများမပြုလုပ်ရန် စက်တင်ဘာလ ၁၇ ရက်က သတိပေးချက် ထုတ်ပြန်ခဲ့သော ကရင်ငြိမ်းချမ်း ရေးကောင်စီ၏ သတိပေးစာကို မည်သူထတ်ကြောင်း တပ်မတော်ဘက်မှ အာမခံ ခိုင်းခဲ့သည်ဟု အစည်းအဝေးပွဲပါ၀င်ခဲ့သူ DKBA မြဝတီရုံး ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးစောစိုးမြင့်က ဆိုသည်။

“ဗျူဟာမှူးတိုက်ဂါးက ဒီစာကိုထုတ် တာ သူမသိဘူး၊ သူ့လက်မှတ်လည်း မထိုးခဲ့ဘူး။ ဒါကြောင့် ပြေလည် အောင် ဖြေရှင်းပေးပါလို့ ကျွန်တော်တို့ ဒု-စစ်ဦးစီးချုပ်ကို ဖုန်းဆက်ပြီး ပြောခဲ့လို့ ကျွန်တော်တို့တွေလည်း ပြေလည်အောင် ရှင်းခဲ့ပါတယ်။ တပ်ရင်းမှူးဘက်ကလည်း ဗျူဟာမှူး တိုက်ဂါးကို လက်နက်ကိုင် အဖွဲ့တွေ ၀ိုင်းပြီး ထိန်းပေးကြပါလို့ တောင်းဆိုခဲ့ပါတယ်” ဟုလည်း ပြောသည်။

အစည်းအဝေးနှှင့် ပတ်သက်ပြီး ကရင်ငြိမ်းချမ်းရေးကောင်စီ ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါး၊ နယ်စပ်လုံခြုံ ရေးနှင့် ဖွံ့ဖြိုးရေး အထူးဗျူဟာတို့ထံ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့သော်လည်း မရခဲ့ပေ။

ညှိနှိုင်းခြင်းမပြုလုပ်ခဲ့ဘဲ မြဝတီမြို့တွင် လှုပ်ရှားနေသော တိုင်းရင်းသားအဖွဲ့များကို လက်နက်ကိုင်ဆောင် သွားလာခြင်း မပြုလုပ်ရန် တပ်မတော်ခြေလျင်တပ်ရင်း ၂၇၅ မှ အသိပေးစာပေးပို့ခဲ့ခြင်းကို တုံ့ပြန်မှု အဖြစ် ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးက သတိပေးချက် ပြန်လည်ထုတ်ခိုင်းခဲ့သည်ဟု ကရင်ငြိမ်းချမ်း ရေးကောင်စီ၊ နယ်စဖလုံခြုံရေးနှင့် ဖွံ့ဖြိုးရေး အထူးဗျူဟာမှ ဒု-ဗိုလ်စောဆေးဝါးက စက်တင်ဘာလ ၁၇ ရက်က မဇ္ဈိမကို ပြောခဲ့သည်။

ထိုသို့ အငြင်းပွားမှုများသည် ဘားအံ မြို့ရဲစခန်းသို့ ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်များ လက်နက် အပြည့်အစုံဖြင့် လာရောက်ခြင်း၊ မြဝတီမှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွားရောက်သော မြန်မာနိုင်ငံသားများကို ထိုင်းရဲများက နည်းမျိုးစုံ ဖြင့် ငွေကြေးတောင်းယူမှုများ ရပ်တန့်စေရန် ကရင်ငြိမ်းချမ်းရေး ကောင်စီနှင့် DKBA အဖွဲ့တို့ ပေါင်း၍ မြဝတီမြို့တွင်း ရောက်ရှိနေသည့် ထိုင်းကုန်ကားများကို တားမြစ်ခြင်းတို့ ပြုလုပ်အပြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။