လွှတ်တော်ဥက္ကဋ္ဌတစ်ဦးသည် အစိုးရဌာနဝန်ကြီးများကို ဝေဖန်လိုပါက တိကျခိုင်မာသည့် အချက်အလက်များကို ကိုးကားပြီးမှ ဝေဖန်သင့်သည်ဟု သမ္မတပြောရေး ဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က ပြောဆိုလိုက်သည်။
“အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ၀န်ကြီးဌာနတွေကို ဝေဖန်သုံးသပ်တော့မယ်ဆိုရင် ပိုပြီးတော့မှတိကျ ခိုင်မာတဲ့သတင်းအချက်အလက်နဲ့ အမည်နာမနဲ့ပြောရင်တော့ ကောင်းတာပေါ့” ဟု မဇ္ဈိမ၏ မေးမြန်းချက်ကို စက်တင်ဘာ ၁၈ ရက်က ပြောသည်။
အစိုးရက ဘဏ္ဍာငွေထုတ်ကာ ပြည်သူပိုင်အဆောက်အအုံများ ဆောက်လုပ်ရာတွင် ငွေကြေးသုံးစွဲမှုများ သည် လူစည်ကားသည့် ပွဲစျေးခင်းအတွင်း ဆီးသီးရောင်းသူစျေးသည်တစ်ဦး ဗန်းမှောက်ကျသည်ကို ဝိုင်းဝန်းလုယက်ကြပုံနှင့် ခိုင်းနှိုင်းလျက် ဝေဖန်ပြောဆိုသည်ကို ဦးရဲထွဋ်က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
“သူက ဆီးသီးရောင်းမလို့ ဆီးသီးဗန်းနဲ့ သွားတာပဲ။ မှောက်လည်း မှောက်ရောဟိုလူက တစ်ဆုပ်နှိုက်စား ဒီလူက တစ်ဆုပ် နှိုက်စားနဲ့ တစ်ဝက်လောက်ပဲ ကျန်တယ်။ ဘတ်ဂျက်ကိစ္စက အဲဒီလို ဖြစ်နေတာပေါ့” ဟု ဦးခင်အောင်မြင့်က စက်တင်ဘာ ၁၇ ရက်က အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ပြောဆိုချက်မှာ အစိုးရအပေါ် ပြည်သူများအထင်မှားနိုင်သလို “တာဝန်ကြီး ကြီးယူထားတဲ့ လူတစ်ယောက်အနေနဲ့ ပြောတဲ့စကားအနေနဲ့လည်း မပြောသင့်ဘူးလို့ ကျွန်တော်ထင် တယ်” ဟု ဦးရဲထွဋ်က ဆိုသည်။
လက်ရှိအစိုးရလက်ထက်တွင် ပြည်သူပိုင် အဆောက်အအုံများ ဖောက်လုပ်၊ တည်ဆောက်ရာတွင်ပွင့်လင်း မြင်သာမှုရှိစေရန် ညွှန်ကြားထားသောကြောင့် အားနည်းမှုရှိသည့်ဌာနကို အတိအကျထောက်ပြသင့်သည် ဟုလည်း ပြောသည်။
“တိတိကျကျပြောရင် ကျွန်တော်တို့ အရေးယူမယ်။ ကျွန်တော်တို့ အရေးယူတာဟာ မလုံလောက်ဘူး ထင် လို့ရှိရင် အဂတိ လိုက်စားမှုကော်မရှင် ရှိမယ်။ ဒါပေမဲ့ အားလုံးကိုခြံုပြီးတော့မှ လူကြီးတစ်ယောက် က ပြောလိုက်တဲ့အခါမှာ ကျွန်တော်တို့ ၀န်ကြီးဌာနတွေမှာ တာဝန်ယူလုပ်ဆောင်ရတဲ့သူတွေ ကစိတ်မ ကောင်း ဖြစ်တာပေါ့ ” ဟု ၎င်းက ဆိုသည်။
ဦးခင်အောင်မြင့်သည် နအဖ အစိုးရလက်ထက်တွင် ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး လက်ရှိအစိုးရလက်ထက် လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် အစိုးရဌာနများနှင့် တပ်မတော်သားများ အပေါ် ထောက်ပြဝေဖန်ခဲ့သူတစ်ဦးဖြစ်သည်။