အပစ်ရပ်ပြီးနောက် ပြည်နယ်နှင့်တိုင်းအသီးသီး၏ ရှေ့အနာဂတ် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်နှင့် ပတ်သက်၍ အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံလျှင် တင်ပြနိုင်ရန် အချက်အလက်များအား တိုင်းရင်းသားပါတီများမှ ကြိုတင်ဆွေးနွေး ပြင်ဆင်နေကြပြီဟု ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဒု-ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက မဇ္စျိမကိုပြောသည်။
“ဘာတွေ တင်ပြချင်လဲဆိုပြီး ပါတီကိုယ်စားလှယ်တစ်ယောက်စီက ပြောတယ်၊ အဲ့မှာမှ တူတဲ့အချက်တွေကို စုပြီး မှတ်ထားတယ်၊ နောက်အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ရင် တင်ပြဖို့ပါ” ဟု ဆိုသည်။
နိုင်ငံရေးဆွေးနွေးပွဲမူဘောင် အချက်အလက်ညှိနှိုင်းရေး ဒုတိယပွဲအား စက်တင်ဘာလတွင် ပြုလုပ်သွားမည်ဟု အစိုးရ ကိုယ်စားလှယ်များဘက်မှ နုတ်ဖြင့် ပြောဆိုထားကြောင်း မန်းအောင်ပြည်စိုးက ပြောသည်။
အပစ်ရပ်ရေးလုပ်ငန်းစဉ်အား မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ရန်လည်း နိုင်ငံရေးပါတီများအနေဖြင့် တိုက်တွန်းပြောဆိုမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။
အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှင့် နိုင်ငံရေးပါတီများ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကိစ္စရပ်ဆိုင်ရာ တို့အား ဆွေးနွေးတင်ပြရာတွင်လည်း အစိုးရဘက်မှ ဆွေးနွေးချိန် ၅ မိနစ်ခန့်သာ ပေးခဲ့သဖြင့် ပါတီများမှ တင်ပြဆွေးနွေးနိုင်မှု အားနည်းခဲ့သည်ဟု ဆိုသည်။
ရခိုင်အမျိုးသားပါတီမှ ဒုတိယခေါင်းဆောင် ဒေါက်တာအေးမောင်က “ အချိန်က ၅ မိနစ်က နည်းတယ်၊ သွားချင်တဲ့ လမ်းဘာတွေ ပါသင့်တယ်ဆိုတာကို ဒီအချိန်မှာ ဝင်အောင် ပြောဖို့လည်း လိုတယ်” ဟု ဆိုသည်။
နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲရာ၌ နိုင်ငံရေးပါတီများက ဦးဆောင်လုပ်နိုင်ရန် အစည်းအဝေးပွဲများတွင် အစိုးရ ကိုယ်စားလှယ်များက ပြောဆိုခဲ့ဖူးသည်။
မူဘောင်ရေးဆွဲရေးနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ ဒုတိယခေါင်းဆောင် ဒေါက်တာအေးမောင်က “အစိုးရက ဦးဆောင်ပြီး မူမချပေးဘဲ ကျွန်တော်တို့ကို စဉ်းစားခိုင်းတယ်၊ ဒါက အချိန်ဆွဲတဲ့ အစိုးရရဲ့ ဗျူဟာတစ်ခုလို့ပဲ မြင်တယ်" ဟုဆိုသည်။
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရာတွင် အစိုးရဘက်မှ မူတစ်ခုချပေးရန် လိုအပ်ပြီး မူရှိမှသာလျှင် လိုအပ်သည့် အချက်များအား ဆွေးနွေးရမည့် တာဝန်မှာ နိုင်ငံရေးပါတီများ ဖြစ်သော်လည်း ယခုအခါ နိုင်ငံရေးပါတီများအနေဖြင့် မူမှ စ၍ ဆွေးနွေးနေရသဖြင့် အချိန်ကြန့်ကြာနေရသည် ဟုဆိုသည်။
မူဘောင်ဆွေးနွေးရာတွင် ပါတီများမှ အချက်အလက်သာမက အခြေခံမူမှ အစ ဆွေးနွေးနေရသဖြင့် ပါတီများကြားတွင်လည်း “သူ့မူ ကိုယ့်မူ" ၊ “ သူ့အစု ကိုယ့်အစု"ဖြင့် ကွဲနေသည်များ ရှိသည်ဟု စက်တင်ဘာ ၁၃ရက်က ပြုလုပ်သည့် တိုင်းရင်းသားပါတီများ စုပေါင်ပြုလုပ်သည့် “နိုင်ငံရေးဆွေးနွေးပွဲမူဘောင် အလွတ်တန်းဆွေးနွေးပွဲ" တွင် တိုင်းရင်းသားပါတီများက ပြောဆိုခဲ့သည်။
ထိုဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီအားလုံးပါ၀င်နိုင်ရန် စီစဉ်ကာ ဖိတ်ကြားခဲ့သော်လည်း တိုင်းရင်းသား ပါတီများသာ တတ်ရောက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ စသည့် ပါတီများက တက်ရောက်ခြင်း မရှိပေ။
ဆွေးနွေးပွဲအား နှစ်ရက် ဆွေးနွေးရန် လျာထားသဖြင့် စက်တင်ဘာလ ၁၄ ရက်တွင် ထပ်မံဆွေးနွေးမည် ဖြစ်သည်။