ကျောင်းသားသမဂ္ဂများ၏ အမျိုးသား ပညာရေးဥပဒေမူကြမ်း ကန့်ကွက်လှုပ်ရှားမှုများတွင် တက္ကသိုလ် ကျောင်းသားများ ထပ်မံမပါ၀င်ရန် သက်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်များက ကျောင်းသားများကို ခေါ်ယူ သတိပေးထားသည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းသူကျော်က စက်တင်ဘာ ၁၂ ရက်တွင် မဇ္ဈိမကိုပြောသည်။
ကန့်ကွက်ဆန္ဒပြခဲ့သည့် တက္ကသိုလ်များတွင် ဆန္ဒပြခြင်း၊ ဟောပြောခြင်း၊ လက်ကမ်းစာစောင် များဖြန့် ဝေ ခြင်း လှုပ်ရှားမှုများ မပြုလုပ်ရန် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်အပြီးတွင် ပါမောက္ခချုပ်များက ကျောင်းသား များကို ခေါ်ယူသတိပေးခဲ့သည်ဟု ဆိုသည်။
“ကျောင်းသားသမဂ္ဂတွက တက္ကသိုလ်အလိုက် ဆန္ဒပြမှုတွေနဲ့ ကန့်ကွက်လက် ကမ်းစာစောင်ဖြန့်ဝေတာ တွေမလုပ်ဖို့ သက်ဆိုင်ရာ ပါမောက္ခချုပ်များမှ ခေါ်ယူသတိပေးတယ်။ ဆန္ဒထုတ်ဖော်တာနဲ့ ရှင်းလင်းတာ တွေကို တက္ကသိုလ်တွေအတွင်း ၀င်ရောက်စည်းရုံခြင်း မပြုရန်၊ ဟောပြောခြင်းမပြုရန်၊ စာမေးပွဲဖြေဆိုနေ ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို စိတ်အနှောင့်ယှက် ပေးတာတွေမလုပ်ဖို့ ခေါ်ပြီး သတိပေးပါ တယ်” ဟု ကိုမင်းသူကျော် က ပြောသည်။
ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်က ကျောင်းသားများအနေဖြင့် ဘွဲ့ဝတ်စုံများ ၀တ်ဆင်ဆန္ဒပြခြင်း၊ သရုပ်ပြခြင်းများ ပြုလုပ်နေခြင်းသည် ကောင်းမွန်သော လုပ်ရပ်မဟုတ်ဟုလည်း ပြောခဲ့သည်ဟုဆိုသည်။
ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူက အမျိုးသားပညာရေး ဥပဒေမူကြမ်းနှင့် ပတ်သက်၍ တက္ကသိုလ်များအလိုက် ကျောင်းသား၊ကျောင်းသူများသိရှိစေရန် ပါမောက္ခချုပ်များက ဟောပြောမှုများ ပြု လုပ်နေကြကြောင်း၊ ဥပဒေကြမ်းပါအချက်များမှာ ပြည့်စုံမှုမရှိသော်လည်း မြန်မာနိုင်ငံ၏ ပထမဆုံးပြဋ္ဌာန်း နိုင်မည့် ဥပဒေလည်းဖြစ်ပြီး ကျောင်းသားများ မလိုလားသည့် ဗဟိုချုပ်ကိုင်မှုဟူသော အသုံးအနှုန်းများကို လည်း ရေးဆွဲရာတွင် အသုံးမပြုထားကြောင်း၊ ဥပဒေကြမ်းပါ အချက်များသိရှိစေရန် တက္ကသိုလ်အလိုက် ဟောပြောမှုများ ပြုလုပ်လျက်ရှိသည်ဟုလည်း ဆိုသည်။
NNER ၏ ပညာရေးညှိနှိုုင်းရေးမှူး ဒေါ်သူသူမာက “ကျောင်းသားတွေရဲ့ လုပ်ဆောင်ချက်တွေက ထောက်ခံ တယ်။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့ CSO ၅၀ ကျော်နဲ့ ပူးပေါင်းဆောင်ရွက်မယ်။ သူတို့ တွေနဲ့ပူး ပေါင်းပြီး ထုတ်ပြန်ချက်တွေ ဆက်လုပ်သွားမယ်” ဟု ပြောသည်။
ဧကဒသမကြိမ်မြောက် ပြည်ထောင်စု လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ပထမဆုံးရက် စက်တင်ဘာ ၁၁ ရက်က အမျိုးသားပညားရေ ဥပဒေကို သမ္မတမှ သဘောထားမှတ်ချက် ၂၅ ချက်ကို ဥပဒေကြမ်း ပူးပေါင်း ကော်မတီမှ အစီရင်ခံစာတင်ပြရာ သမ္မတမှတ်ချက်အတိုင်း အတည်ပြုသင့်သည့်အချက် ၁၆ ချက်ရှိ ကြောင်း၊ သမ္မတ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ရေးရန် သုံးချက်ရှိသည်။
ပညာရေးဥပဒေကြမ်းနှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒပြခြင်းနှင့် ဟောပြောခြင်းတို့ကို စက်တင်ဘာ ၁၁ ရက်တွင် နည်းပညာတက္ကသိုလ်(သန်လျင်)တွင် လည်းကောင်း၊ စက်တင်ဘာ ၁၀ ရက်က ကွန်ပျူတာ တက္ကသိုလ် တွင်လည်းကောင်း၊ စက်တင်ဘာ ၂ ရက်က ဒဂုံတက္ကသိုလ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်း တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပညာ ရေးတက္ကသိုလ် အပါအဝင် တက္ကသိုလ်ကိုးခုမှ ကျောင်းသားပေါင်း ၁၀၀ကျော် ကလည်း ပြုလုပ်ခဲ့သည်။
ထို့ပြင် ရတနာပုံ၊ ကျောက်ဆည်၊ မုံရွာ၊ စစ်ကိုင်းတိုင်းအတွင်းရှိ တက္ကသိုလ်သုံးခုမှ ကျောင်းသားများ၊ ထားဝယ်ရှိ တက္ကသိုလ် ကျောင်းသားများက ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။