ထိုင်းအာဏာသိမ်း ၀န်ကြီးချုပ် ဖြစ်သူ ပရာယွတ် ချန်အိုချာသည် သူ၏ ၀န်ကြီးချုပ် သက်တမ်းတစ်လျှောက် ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် အိမ်နီးချင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားရေး ဒုဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင် က ၀န်ကြီးချုပ် ပရာယွတ် အနေဖြင့် မြန်မာနိုင်ငံသို့ အခွင့်အရေး ရသည်နှင့် သွားရန်
စီစဉ်ထားကြောင်း AFP သို့ ပြောကြားခဲ့ခြင်း ဖြစ်ပြီး အဖြစ်နိုင်ဆုံးကာလမှာ ယခုလကုန်ပိုင်းနှင့် အောက်တိုဘာ လဆန်းပိုင်း ကာလများဟု ဆိုခဲ့သည်။
ဒွန်က ပြောကြားရာတွင် “၀န်ကြီးချုပ်က သူ့ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် မြန်မာပြည်ကို သွားဖို့ စီစဉ်ထား ပါတယ်။ ဘာကြောင့်လဲ
ဆိုတော့ မြန်မာနိုင်ငံဟာ လက်ရှိမှာ အာဆီယံ အဖွဲ့ကြီးရဲ့ ဥက္ကဌ နေရာကို ယူထားလို့ပါ” ဟု ပါ၀င်သည်။ ၀န်ကြီးချုပ် ပရာယွတ်သည် ထိုင်းတပ်မတော်၏ စစ်ဦးစီးချုပ် ဖြစ်ပြီး မေလ အတွင်းက ယခင် ၀န်ကြီးချုပ်ဟောင်း ယင်လတ်၏ အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီး သြဂုတ်လ ၂၁ ရက်ကမှ ၀န်ကြီးချုပ်အဖြစ် တရားဝင် တာဝန်ယူခဲ့သူ ဖြစ်သည်။
ယင်းအပြင် ထိုင်းဝန်ကြီးချုပ် အနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ပြီး နောက်ပိုင်းတွင် မလေးရှားနိုင်ငံသို့လည်း သွားရောက်ရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေး ဒုဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်က ထပ်လောင်း ပြောကြားခဲ့သည်။