ပွင့်လင်းမြင်သာမှုမရှိသေးသည့်အတွက် မိကျောင်းကန်သပိတ်စခန်း လုံးဝပိတ်သိမ်းမည် မဟုတ်ဟုသပိတ် စခန်းခေါင်းဆောင် ဦးစိန်သန်းက ကျောက်တံတားမြို့နယ်တရားရုံး၊ ရုံးထုတ်လာစဉ် စက်တင်ဘာ ၁၀ ရက် ကမီဒီယာများကို ပြောသည်။
စက်တင်ဘာ ၈ ရက်ကလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိ စေရေးအတွက် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်က မိကျောင်းကန် သပိတ်စခန်းပိတ်သိမ်း ပေးရန်လာရောက်မေတ္တာရပ်ခံသည်။
ဦးစိန်သန်းက “စစ်တပ်ကလည်း မြေတွေကို မစွန့်လွှတ်ဘူးလို့လည်း ကြေညာထားတယ်။ ကျွန်တော်တို့၊ ဦးခိုင်မောင်ရည်တို့ကို မေတ္တာရပ်ခံထားတာရှိတယ်။ မေတ္တာရပ်ခံချက်တွေကို ကျွန်တော်တို့ ပြည်သူတွေ ကကြိုဆိုပါတယ်။ ဒါပေမဲ့ သပိတ်စခန်းက ပွင့်လင်းမြင်သာမှုမရှိသေးတဲ့အတွက် မိကျောင်းကန်ပြည်သူ တွေကရပ်ဆိုင်းဖို့ လုံးဝမစဉ်းစားသေးဘူး” ဟု ပြောသည်။
စက်တင်ဘာ ၁၀ ရက်က မိကျောင်းကန်သပိတ်ခေါင်းဆောင် ဦးစိန်သန်းကို ပုဒ်မ-၁၈ဖြင့် ကျောက်တံတား မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်လေးလကို အမိန့်ချလိုက်သည်။
ဦးစိန်သန်းကို တရားရုံးများက ပုဒ်မ - ၁၈ ဖြင့် အမှုငါးမှုကို အမိန့်ချမှတ်ခဲ့ရာတစ်မှုစီတွင် ထောင်ဒဏ်လေးလစီ ချမှတ်ခဲ့သည့်အတွက် စုစုပေါင်းလ ၂၀ အမိန့်ချမှတ်ခံထားရသူ ဖြစ်သည်။
ထို့ပြင် စည်ပင်ဥပဒေပုဒ်မ - ၆၈ ဖြင့် တရားစွဲဆိုခဲ့ရာ လသာစည်ပင်တရားရုံးကလည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ်လေးလ ချမှတ်ထားသည်။
စက်တင်ဘာ ၁၀ ရက်က ပုဒ်မ - ၁၈ ဖြင့် ကျောက်တံတားတရားရုံးက အမိန့်ချမှတ်ရန် မေလ ၂၁ ရက်ကလ သာစည်ပင်တရားရုံးသို့ ဦးစိန်သန်းရုံးချိန်းသွားရောက်စဉ် ဆန္ဒပြခဲ့သည့်အတွက် ပုဒ်မ - ၁၈ ဖြင့် တရားလိုပြု တရားစွဲခဲ့သဖြင့် ကျောက်တံတားတရားရုံးက စက်တင်ဘာ ၁၀ ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် လေးလ အမိန့်ချခဲ့သည်။
ဦးစိန်သန်းကို ပုဒ်မ - ၁၈ ဖြင့် ဗဟန်းတရားရုံးက ထောင်ဒဏ်လေးလ၊ ပန်းဘဲတန်းတရားရုံးမှ ထောင်ဒဏ် လေးလ၊ ကျောက်တံတား တရားရုံးကအလုပ်နှင့် ထောင်ဒဏ်လေးလ၊ စည်ပင်ဥပဒေပုဒ်မ ၆၈ ဖြင့် လသာစည်ပင်တရားရုံးက ထောင်ဒဏ်လေးလ အသီးသီးချခဲ့သည်။