ကျောက်ဖြူရေနက်ဆိပ်ကမ်း (မဒေးကျွန်း)စီမံကိန်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ ရေနံတင်သင်္ဘောများကို ၂၀၁၅ အစတွင် ဆိုက်ကပ်ခွင့်ပြုရန်ရှိနေသည်ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေး အဖွဲ့ထံမှ သိရသည်။
ရေနက်ဆိပ်ကမ်း တည်ဆောက်မှုလုပ်ငန်းများမှာ ပြီးစီးနေပြီဖြစ်သော်လည်း ရေနံလက်ခံမည့် တရုတ်ဘက်က အဆင်သင့် မဖြစ်သေးခြင်းကြောင့် စက်သုံးဆီ သင်္ဘော ဆိုက်ကပ်မှုကို ၂၀၁၅ ခုနှစ်ခန့်မှသာ ခွင့်ပြုရန်ရှိနေ သည်ဟု လေ့လာစောင့်ကြည့်ရေးအဖွဲ့ဝင် ဦးစိုးမိုးကျော်က ပြောသည်။
ဦးစိုးမိုးကျော်က “ကျောက်ဖြူ ရေနက်ဆိပ် ကမ်းက ၁၀၀ ရာခိုင်နှုန်း ပြီးနေပါပြီ။ ဆီသင်္ဘောတွေ လက်ခံလို့ ရတဲ့အခြေ အနေထိကို ရှိနေပေမယ့် တရုတ်ဘက် က အဆင်သင့်မဖြစ်သေးလို့ ၂၀၁၅ အစလောက်မှပဲ ခွင့်ပြုဖို့ စီမံခန့်ခွဲရေးကော်မတီက လုပ်ဆောင်နေတယ်”ဟု ဆိုသည်။
ရေနက်ဆိပ်ကမ်း၌ တန်ချိန်သုံးသိန်းအထိရှိသော နိုင်ငံတကာသင်္ဘောကြီးများ ဆိုက်ကပ်နိုင်သော ရေဆူး အနက်ရှိသည့် နိုင်ငံတကာ ဆိပ်ကမ်းတစ်ခုဖြစ်ပြီး ဆီဂါလန် တန်ချိန် ၂,၈၀၀ အထိ သိုလှောင်ထားနိုင် သော ဆီကန် ၁၂ ကန်ကိုလည်း တစ်ပါတည်း တည်ဆောက်ထားပြီးဖြစ်သည်ဟု လေ့လာစောင့်ကြည့်ရေး အဖွဲ့ထံမှ သိရသည်။
ရခိုင်သင်္ဂဟအဖွဲ့မှ ဦးလှမောင်သိန်းက “စီမံကိန်းထဲမှာ နိုင်ငံတကာ ရေနံတင်သင်္ဘော တွေထဲက အကြီးဆုံးလို့ဆိုတဲ့တန်ချိန် သုံးသိန်းဆံ့သင်္ဘောတွေကြောင့် ရေနေငါး မျိုးစိတ်တွေရဲ့ ရှင်သန်မှုထိခိုက်မှာကြောင့် ဒေသခံ ငါးလုပ်ငန်းရှင်တွေအတွက်လည်း ထည့်စဉ်းစားဖို့ လိုတယ်”ဟု ဆိုသည်။
ဦးစိုးမိုးကျော်က “ဆီဂါလန်အများကြီး တင်တဲ့သင်္ဘောတွေဝင်လို့ ဒေသငါးလုပ်ငန်းကို မထိခိုက်အောင် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ဆောင်နေ ပါတယ်။ တကယ်လို့ ဆီယိုဖိတ်တာတွေရှိခဲ့ရင်လည်း အဲဒီစည်းမျဉ်းတွေနဲ့အညီ ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ ဒီစီမံကိန်းကြောင့် ရခိုင်ဒေသဖွံ့ဖြိုးရေး ကို အားပေးတဲ့လုပ်ငန်းပဲ ဖြစ်ရမှာပါ။ ဒေသခံတွေနဲ့ ဒေသကို လုံးဝ အထိခိုက်ခံမှာ မဟုတ်ပါဘူး”ဟု ဆိုသည်။
ရေနက်ဆိပ်ကမ်းမှ နိုင်ငံတကာဆီတင် သင်္ဘောများက ဆီကိုလက်ခံသိုလှောင်ပြီး ယင်းမှတစ်ဆင့် ဆီပိုက် လိုင်းများဖြင့် တရုတ်နိုင်ငံသို့ တွန်းပို့မည်ဖြစ်သည်။
တရုတ်နိုင်ငံ သို့ ရွှေစီမံကိန်းမှ သဘာဝဓာတ်ငွေ့တင်ပို့နေမှုကို ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း စတင်ပို့လွှတ် နေပြီဖြစ်သည်ဟု ထုတ်ပြန်ထားသည်။