အိုစမာဘင်လာဒင် စတင်တည်ထောင်ခဲ့သည့် အစ္စလာမ်မစ်အစွန်းရောက် အယ်လ်ခိုင်ဒါအဖွဲ့က မြန်မာနိုင် ငံကိုတိုက်ခိုက်မည်ဟု အယ်ခိုင်ဒါမီဒီယာကထုတ်ပြန်ထားသည့် ဗီဒီယိုတစ်ခုတွင် စက်တင်ဘာ ၃ ရက်က ခြိမ်းခြောက်ပြောဆိုလိုက်သည်။
၅၅ မိနစ်ကြာဗီဒီယိုဖိုင်ကို အကြမ်းဖက်မူဝါဒ စောင့်ကြည့်လေ့လာရေး အဖွဲ့ (SITE) က အွန်လိုင်းဂျီဟတ်ဝါဒီ ဆွေးနွေးမှုများထဲ၌ တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ခေါင်းဆောင် အေမန်အယ်လ်ဇဝါဟရီက မြန်မာနိုင်ငံ အပါအဝင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ များတွင် တိုက်ခိုက်မှုများ ပြုလုပ်သွားမည် ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။
အယ်လ်ခိုင်ဒါသည် လက်ရှိတွင် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံများတွင် အားကောင်းနေဆဲဖြစ်ပြီး ဗီဒီယိုဖိုင်အတွင်း အဓိကပြောဆိုချက်မှာ အိန္ဒိယနိုင်ငံတွင် အယ်လ်ခိုင်ဒါ ဂိုဏ်းခွဲတစ်ခု ဖွင့်လှစ်လိုက်သည့် အချက်ဖြစ်သည်။
“ဂိုဏ်းခွဲကို ဒီနေ့တည်ထောင်လိုက် တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အိန္ဒိယ တိုက်ငယ်ထဲက မူဂျာဟစ်ဒင် တွေတစ်စုတည်း ဖြစ်လာအောင် စုစည်းဖို့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ကတည်းက အားထုတ်မှုရဲ့ အသီးအပွင့် တစ်ခုဖြစ်ပါတယ်”ဟု အယ်လ်ဇဝါဟရီက ဗီဒီယိုဖိုင်တွင် ပြောဆိုထားသည်။
မြန်မာအစိုးရဘက်မှ တုံ့ပြန်မှု
အဆိုပါ ဗီဒီယိုဖိုင်သတင်းများ ပြန့်နှံ့သည့် စက်တင်ဘာ ၄ ရက်က နာရီပိုင်းအတွင်း သမ္မတရုံးညွှန်ကြား ရေးမှူးဦးဇော်ဌေး (မှူးဇော်)က “အယ်လ်ခိုင်ဒါဂျီဟတ် စိုးရိမ်စရာမရှိသေး” ဟု ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာ တွင်ရေးသားသည်။
ထို့ပြင် မြန်မာအစိုးရအနေနှင့် အကြမ်းဖက် တိုက်ခိုက်မှုများ၏ပစ်မှတ်ဖြစ်လာနိုင်သည်ကို လွန်ခဲ့သည့် နှစ် အနည်းငယ်က ကြိုတင်သိရှိသည်ဟု ၎င်းကဆိုသည်။“ပြင်ဆင်မှုတွေကို တပ်မတော်နဲ့ လုံခြုံရေးအဖွဲ့အ စည်းတွေအားလုံး အလေးထားလုပ်ဆောင်ခဲ့ပါတယ်။ အယ်လ်ခိုင်ဒါ ကွန်ရက်ပျံ့နှံ့စီးဆင်း လည်ပတ်မှုတွေ ကိုလေ့လာပြီး ၀င်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေကို ကြိုတင်သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်”ဟု ဦး ဇော်ဌေးက ဆိုသည်။
ထို့ပြင် အယ်လ်ခိုင်ဒါသတင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က “ရခိုင်ပြည်နယ်မှာ လုံခြံုရေး အပြည့်အဝ ယူထားပါတယ်။ ပြည်သူလူထု စိုးရိမ် မှုကင်းအောင် ရုပ်မြင်သံကြားကတစ်ဆင့် သတင်းထုတ်ပြန်ပေးမယ့် အစီအစဉ်လည်း ရှိပါတယ်။ လုံခြံုရေး တာဝန်ရှိသူတွေက အသေးစိတ်ထုတ်ပြန်ပါလိမ့်မယ်”ဟု မဇ္ဈိမကို ပြောသည်။
အယ်လ်ခိုင်ဒါနှင့် ပတ်သက်သည့် အခြားအမြင်များ
အစ္စလာမ်သာသနာရေးကောင်စီအဖွဲ့ဝင် ဦးလှဝင်းက “ဒါမျိုးကို လက်ခံလို့မရဘူးလေ။ သတင်းရရင်တော့ ကျွန်တော်တို့ အစ္စလာမ်ကောင်စီ အနေနဲ့ ဆွေးနွေးပွဲ လုပ်ပြီး ကန့်ကွက်ဆန့်ကျင်တဲ့အကြောင်း ထုတ်ပြန် ရမှာပေါ့”ဟု မဇ္ဈိမကို ပြောသည်။
အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်က “နယ်စပ်လုံခြံုရေးနဲ့ ပင်လယ်ပြင်လုံခြံုရေးကို အလေးအနက်ထား ကာကွယ်ပေးဖို့လိုပါတယ်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်သွယ်နေတဲ့ ကုန်စည် စခန်း တွေကိုတောင် ပိတ်သင့်ရင် ပိတ်တာမျိုး ဖြစ်သင့်တယ်။ ရခိုင်နယ်စပ်မှာ တိုက်ခိုက်မှုတွေဖြစ်တဲ့ RSO အဖွဲ့နဲ့ ဆက်စပ်မှု မရှိဘူးလို့ မပြောနိုင်ဘူးလေ”ဟု ဆိုသည်။
မောင်တော နယ်စပ်ခြံစည်းရိုးမိုင်တိုင် ၅၀၊ ၅၂ အနီးတွင် မေလအတွင်းက အမည်မသိလက်နက်ကိုင်အ ဖွဲ့တစ်ခုနှင့် မြန်မာစစ်တပ်တို့အကြား ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အဖွဲ့အစည်းမှ တပ်သားခုနစ် ဦးကျဆုံးခဲ့သည်။ ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး မြန်မာအစိုးရဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် သောင်းကျန်းသူတပ်ဖွဲ့ (RSO)ဟု စွပ်စွဲထားသည်။
ရခိုင်ပြည်နယ်တွင် ပင်လယ်ရေကြောင်းလုံခြံုရေးတပ်ဖွဲ့များကို မြို့နယ်အချို့တွင် ဖွဲ့စည်းထားပြီး ကင်းလှည့် ရေယာဉ်များဖြင့် ကြပ်မတ်လျက် ရှိသည် ဟု ပြည်နယ်အစိုးရက ပြောကြားထားသည်။ရခိုင်ပြည်နယ် နယ် စပ်လုံခြံုရေး မကျိုးပေါက်စေရန် ကြည်း၊ ရေ၊ လေတပ်ဌာနချုပ် အပါအဝင် နယ်နိမိတ်မျဉ်း တစ်လျှောက် ကာကွယ်ရေးနှင့် လုံခြံုရေးအစီအမံများ ဆောင်ရွက်ထားသည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဗိုလ် ချုပ်ကျော်ကျော်ထွန်း က အမျိုးသားလွှတ်တော်တွင် ဇူလိုင်လအတွင်းက ပြောကြားထားသည်။
အယ်ခိုင်ဒါအကြောင်း အကျဉ်း
အယ်လ်ခိုင်ဒါအဖွဲ့သည် ဆွန်နီစစ်သွေးကြွများဖြစ်ပြီး ၎င်းတို့အဓိက အသုံးပြုသည့် တိုက်ခိုက်နည်းများမှာ အသေခံ ဗုံးခွဲခြင်းပြုလုပ်လေ့ ရှိသည်။ အယ်လ်ခိုင်ဒါ အဖွဲ့၏ နာမည်ကြီး တိုက်ခိုက်မှုများမှာ ၂၀၀၁ ခုနှစ် စက်တင် ဘာ ၁၁ ရက်က အမေရိကန်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန (WTC) ကို လေယာဉ်ပြန်ပေး ဆွဲကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ အမေရိကန် သံရုံးဗုံးခွဲခြင်းနှင့် ၂၀၀၂ ခုနှစ် အင်ဒိုနီးရှားနိုင်ငံဘာလီ မြို့ ဗုံးဖောက်ခွဲမှုတို့ဖြစ်သည်။
နိုင်ငံတကာ သတင်းဌာနများဖြစ်သည့် CNN နှင့် နယူးယောက်တိုင်း(မ်) သတင်းဌာနများ၏ ရေးသားချက် များအရ အယ်လ်ခိုင်းဒါ၏ ယခုဗီဒီယိုဖိုင်အတွင်း ပြောဆိုချက်သည် အင်အားတိုးပွားလာမှုကို တိုက် ဖျက်နိုင်ရေးအတွက် အင်အားသစ်များ၊ နောက်လိုက်အသစ်များ စုဆောင်းရန် ၀ါဒဖြန့်ခြင်းဟု ဆိုသည်။