KNU/KNLA – PC အဖွဲ့ဝင်လက်နက်ကိုင်ဆောင်ထားသူများသည် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက ဘားအံမြို့တွင်း ၀င်ရောက်လာသည့်အတွက် ထိတ်လန့်ခဲ့ရသည် ဟု ဒေသခံများ က ပြောသည်။
ကရင်ပြည်နယ် ဘားအံစျေးကြီးမှ ဦးငယ်ရွှေပန်းထိန်းဆိုင်ပိုင်ရှင် ဦးစောကြည်ဝင်းက “ဘားအံမြို့မ ရဲစခန်း ရှေ့မှာ KNLA နေရောင်ခြည် ကရင်ဘက်တံဆိပ်နဲ့ လက်နက်ကိုင်တွေ ၃၀ ၊ ၄၀ လောက် နေ့လယ်ပိုင်း ကတွေ့တယ်။ ဘာတွေညှိနှိုင်းလဲ မသိဘူး။ လမ်းကြားတွေမှာလည်း တွေ့ရတယ်။ မြို့လယ်ခေါင်မှာဝတ်စုံ ပြည့်နဲ့ လက်နက်တွေနဲ့ပါ။ တွေ့ဖူးနေကျအဖွဲ့ကတော့ မဟုတ်ဘူး။ DKBA အဖွဲ့ပဲ မြို့ထဲဝင်လို့ ရတယ်။ အဲဒါကြောင့် စျေးကြီး အပြင်ဘက်မှာ လူတွေတောင် မရှိတော့ဘူး။ ဒီလိုဖြစ်တော့ လူတွေက ကြောက်ကြ တယ်။ ညနေပိုင်းမှာ သူတို့ မရှိတော့ဘူး”ဟု ပြောသည်။
၎င်းတို့ ရောက်လာခြင်းမှာ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC မှ ဗိုလ်အဆင့်ရှိ ဦးအယူကို လက် နက်မှုဖြင့် တရားစွဲထားသော အမှုနှင့်ပတ်သက်၍ ပြစ်ဒဏ်သက်သာရေး ဘားအံမြို့မ ရဲစခန်းသို့ လာရောက် ဆွေးနွေးခြင်းဖြစ်သည်ဟု ရဲအုပ်မြဝင်းက မဇ္ဈိမကို ပြောသည်။
KNU/KNLA -PC ၏ ဗိုလ်မှူးကြီး အဆင့်ရှိ စောဂျိုးဇက်နှင့် လက်နက်အပြည့် အစုံတပ်ဆင်ထားသည့်လူ အင်အား ၃၀ လာရောက်ခဲ့ပြီး တာဝန်ရှိသူ ငါးဦးမှအပ ကျန်အဖွဲ့ဝင် များမှာ လမ်းမပေါ်၌ ရပ်နေသဖြင့် အများ ပြည်သူအမြင်၌ ရဲစခန်းကိုဝိုင်းသကဲ့သို့ ဖြစ်ခဲ့သည်ဟု ရဲအုပ်မြဝင်းက ဆိုသည်။
ဗိုလ်အယူကို ပြီးခဲ့သည့် နှစ်ပတ်ခန့်က မသင်္ကာမှုဖြင့် စစ်ဆေးရာတွင် လက်ဝယ်၌ ခြောက်လုံးပြူးလက် တစ်လက်နှင့် ကျည်ဆန်များ ကိုင်ဆောင်ထားသဖြင့် လက်နက်ဥပဒေပုဒ်မ-၁၉ (စ)ဖြင့် အမှုဖွင့် ခံထားရသည်။
KNU/KNLA -PC ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ဖြစ်စဉ်က မှန်ကန်ပါတယ်။ လူကြီးတွေက အေးအေး ဆေးဆေး ဖြေရှင်းဖို့ ညှိနှိုင်း တိုင်ပင်ပြီး သွားပါပြီ။ ဒီဘက်က တပ် ဖွဲ့ဝင်ဆိုတာ မှန်ပါတယ်”ဟု ပြောသည်။
“အဲလိုဖြစ်တယ်ကြားတော့ ကျွန်တော် တို့လည်း လူလွှတ်ပြီး သွားကြည့်တာပေါ့၊ ကျွန်တော်တို့ ရောက် သွားတဲ့အချိန် မွန်းလွဲ ပိုင်းမှာတော့ ဘာမှမရှိတော့ဘူး။ ပြန်သွား ကြပြီ။ သူတို့ လူတစ်ယောက်ကို ဖမ်းလိုက် တာကို မကျေနပ်လို့ လာတာလို့ပဲ အကြမ်း ဖျင်း သိရတယ်။ သေချာတောင် မသိလိုက် ရဘူး”ဟု KNU ဆက်ဆံရေးရုံးမှစောအောင်ပန်းက မဇ္ဈိမကို ပြောသည်။