UNFC နှင့် ပြည်တွင်းအင်အားစုများ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းမည်

UNFC နှင့် ပြည်တွင်းအင်အားစုများ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းမည်
by -
မဇ္စျိမ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ပြည်တွင်း ဒီမိုကရေစီအင်အားစုအဖွဲ့ အစည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပြန်အလှန်ဆက်စပ်မှု ရှိ/မရှိ ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးမှုအပြီး သြဂုတ် ၃၀ ရက်တွင် ကြေညာချက်ထုတ် ပြန်လိုက်သည်။

ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်ရေးနှင့် ဒီမိုကရက်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် မိမိတို့ အင်အားစုများအကြား အပြန်အလှန်ဆက်စပ်မှု ရှိ၊ မရှိ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNFC-meeting-2014

“ဆုံးဖြတ်ချက်အနေနဲ့ လွန်ခဲ့တဲ့ ဇူလိုင် ၃ ရက်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ထားတယ်။ အဲဒါကို ထပ်မံ အတည်ပြုဆုံးဖြတ်တယ်။ ဒီလုပ်ငန်းစဉ်တွေကို လူထုပိုမိုပါ၀င် နားလည်မှုရှိအောင် ထပ်မံပြီး ဒီလိုတွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်သွားဖို့ အဆင်ပြေတဲ့နေရာ ဆက်လုပ်သွားဖို့ ချမှတ်ထားတယ်”ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၃ ရက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ UNFC နှင့် ပြည်တွင်းဒီမိုကရေစီအင်အားစုများ တွေ့ဆုံဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရာ နိုင်ငံရေးဆွေးနွေးမှုအတွက် တိကျသည့် အာမခံချက်ရှိရန်၊ ပင်လုံစိတ်ဓာတ်ကို အခြေခံသော ပြည်ထောင်စုညီလာခံကြီးတစ်ရပ် ကျင်းပရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်အတူ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်သူလူ ထုပါ၀င်မှုကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားရန်တို့ အပါအဝင်အချက် ငါးချက် သဘောတူချ မှတ်ခဲ့ခြင်းဖြစ်သည်။

“ဆွေးနွေးပွဲက အားရတယ်။ ကနေ့ တစ်ဆို့နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပြည်တွင်းမှာ လွှတ်တော်ထဲကနေ ပြင်ဆင်တဲ့နည်းက သိပ်လက်တွေ့မကျဘူး။ အကောင်အထည်ဖော်မှု မလွယ်ဘူး။ အဲဒါကြောင့် အစိုးရနဲ့ တိုင်းရင်းသားတွေ တွေ့ဆုံဆွေးနွေးမှုကနေ နိုင်ငံရေးအပြောင်းအလဲကိုဖြစ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံကို ဆွေးနွေးရင်းနဲ့ပြင်သွားဖို့ တိုင်းရင်းသားအားလုံး လက်ခံနိုင်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးနဲ့ ငြိမ်းချမ်းတိုးတက်တဲ့ နိုင်ငံကို အကောင်အထည်ဖော်နိုင်မယ်ဆိုတာကို အားလုံးရှုမြင်ကြတယ်”ဟု နိုင်ဟံသာက ပြောသည်။

ထို့ပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးပေါ်ပေါက်လာရေး ပူးပေါင်းကြိုးပမ်းသွားရန်၊ သုံးပွင့်ဆိုင်ပါ၀င နိုင်ရေး ထိုက်သင့်သည့် ပုဂ်္ဂိုလ်များပါ၀င်နိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်လာရန်၊ အနာဂတ်တွင် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးတို့အတွက် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ကြိုးပမ်းသွားရန် မှတ်တမ်းအဖြစ် သဘောတူချမှတ်ထားသည်ဟုလည်း နိုင်ဟံသာက ပြောသည်။

ယခုဆွေးနွေးမှုတွင် ပြီးခဲ့သည် ဇူလိုင်လအတွင်း UNFC နှင့် ပြည်တွင်း ဒီမိုကရက်တစ်အင်အားစုများ တွေ့ဆုံဆွေးနွေးမှု ဆုံးဖြတ်ချက်များကို ထပ်မံအတည်ပြုခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးနှင့် ပြည်တွင်း နိုင်ငံရေးအခြေအနေနှင့် လက်တွေ့ဆောင်ရွက်ရမည့် အလားအလာများ ဆွေးနွေးနိုင်ခဲ့သဖြင့် များစွာ အကျိုးရှိသည်ဟု ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီမှ ဦးကိုကိုကြီးက ပြောသည်။

“ဆုံးဖြတ်ချက်ဆိုတာထက်ကို အမြင်သဘောထားတွေ ဖလှယ်နိုင်ခဲ့တယ်။ ဒီမိုကရက်တစ် ပြည်ထောင်စု တည်ထောင်ရေးဆိုတဲ့ ကိစ္စက ဒါက အရေးပါတဲ့ မဟာဗျူဟာမြောက် ဦးတည်ချက်ပဲ”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ် ၂၉ရက်နှင့် ၃၀ရက်များတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် အင်အားစုအားလုံးပါ၀င်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကြီး ပေါ်ပေါက်ရေးအပါအဝင် လက်ရှိနိုင်ငံရေးအခြေအနေများကို ဆွေးနွေး၍ အမြင်ဖလှယ်ခဲ့ကြခြင်းဖြစ်သည်။