ပညာရေးဥပဒေမူကြမ်း ဖျက်သိမ်းရန် ဒုတိယကြိမ် ဆန္ဒဖော်ထုတ်

ပညာရေးဥပဒေမူကြမ်း ဖျက်သိမ်းရန် ဒုတိယကြိမ် ဆန္ဒဖော်ထုတ်
by -
မဇ္စျိမ

မန္တလေးမြို့၊ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဦးဆောင်၍ အမျိုးသားပညာရေး ဥပဒေမူကြမ်း ဖျက်သိမ်းပေးရေးအတွက် ရတနာပုံတက္ကသိုလ် ကျောင်းဝင်းအတွင်းတွင် သြဂုတ်၂၇ရက်က ဒုတိယအကြိမ် မြောက် ဆန္ဒပြတောင်းဆိုလိုက်ကြသည်။

“သာမန်ပြည်သူ နားမလည်ဘူး။ ၀န်ကြီးဌာနက တိုက်ရိုက်ချုပ်ကိုင်တယ်။ ဗဟိုချုပ်ကိုင်မှုများတယ်။ တိုင်းရင်းသား စာပေတွေရဲ့ အခန်းကဏ္ဍမပါဘူး။ ဒါကြောင့် ဖျက်သိမ်းပေးတဲ့အထိ တောင်းဆိုသွားမယ်။ လှုပ်ရှားမှုတိုင်း ကျောင်းသားထု ပါ၀င်လာအောင် လုပ်သွားမယ်”ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်မျိုးလှိုင်က မဇ္ဈိမကို ပြောကြားခဲ့သည်။

ရတနာပုံတက္ကသိုလ် ကျောင်းဝင်းအတွင်း၊ အားကစားခန်းမရှေ့မှ စတင်၍ ကျောင်းသားကျောင်းသူ ၅၀ ကျော်တို့က ကျောင်းကို ပတ်၍ ဆန္ဒပြခြင်းဖြစ်သည်။

“ကျွန်တော်တို့က ကိုယ့်ရပိုင်ခွင့်ကို တောင်းဆိုတယ်ဆိုပေမဲ့ ဒါဟာ တစ်မျိုးသားလုံးနဲ့ဆိုင်တယ်။ ဒါကြောင့် အားလုံးက ၀ိုင်းပြီး ဆန္ဒပြနေတယ်။ အခုရေးဆွဲနေတဲ့ အမျိုးသားဥပဒေမူကြမ်းဟာ ကျောင်းသားတွေကို ကိုယ်စားမပြုဘူး။ ကျွန်တော်တို့ လုံးဝ ဖျက်သိမ်းတဲ့အထိ ဆန္ဒဖော်ထုတ်သွားမယ်”ဟု ဥက္ကဋ္ဌ ကိုအောင်မျိုးလှိုင်က ပြောသည်။

အဆိုပါ ကျောင်းသူ ကျောင်းသားများသည် တစ်မျိုးသားလုံးအတွက် အခြေခံဖြစ်သော ပညာရေးစနစ်ကို အာဏာရှင်ဆန်ဆန် ချုပ်ကိုင်မှုများ ချက်ချင်းရပ်၊ ကျောင်းသားသမဂ္ဂများနှင့် အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး၊ ကျောင်းသားနှင့် ပြည်သူကို အခြေမခံသော ဘဝအာမခံချက်မရှိသော အမျိုးသားဥပဒေမူကြမ်း ဖျက်သိမ်းပေး၊ ဘွဲ့ရအလုပ်လက်မဲ့များ ပပျောက်ရေး အမြန်ဆုံးလုပ်ဆောင်ပေး၊ ကျောင်းသားထု အခွင့်ရေးရရှိရေး၊ မတရားထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းဥပဒေများ အမြန်ဆုံးဖျက်သိမ်းပေး စသည့် အချက်များကို ကြွေးကြော်တောင်းဆိုကြသည်။

“ကျွန်တော်တို့ အခုကြွေးကြော်သံတွေနဲ့ ဆန္ဒပြတောင်းဆိုတယ်ဆိုတာ အခွင့်အရေးကို အရယူတာပါ။ မတရားတဲ့ ဥပဒေကို ဆန္ဒပြကန့်ကွက်ဆန့်ကျင်ရင်း ကိုယ့်အခွင့်ရေးကို အရယူနေတာပါ” ဟု မန္တလေးခရိုင် ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုဉာဏ်ထိန်လင်းက ပြောကြားသည်။

အဆိုပါ ဆန္ဒပြရာသို့ မုံရွာ၊ ကျောက်ဆည်၊ မန္တလေးတက္ကသိုလ်နှင့် နည်းပညာကျောင်းများစသည့် ကျောင်းများမှ သမဂ္ဂများကလည်း လာရောက်ပူးပေါင်းဆန္ဒဖော်ထုတ်ကြသည်။ ယင်းဆန္ဒပြမှုကို ကျောင်းအာဏာပိုင်များက တားဆီးမှု မပြုလုပ်ခဲ့သော်လည်း အရေးယူအပြစ်ပေးမှုများရှိလာပါက ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကျောင်းအတွင်း ထိုင်သပိတ် ပြုလုပ်သွားမည်ဟု ၎င်းသမဂ္ဂဥက္ကဋ္ဌက ပြောသည်။

“ကလေးတွေ ဘာကြောင့် ကန့်ကွက်တာလည်းဆိုတာကို သက်ဆိုင်ရာအနေနဲ့ သုံးသပ်ဖို့ လိုတယ်။ နောက်တစ်ချက်က သမဂ္ဂဖွဲ့စည်းခွင့် ဘာကြောင့် မရတာလဲ။ ဒါကို ကျွန်တော်တို့က ကန့်ကွက်တယ်။ သမဂ္ဂကတော့ လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့်ပေးကို ပေးရမယ်။ ကျောင်းသားတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်တာ ကျောင်းသားသမဂ္ဂပဲ။ နိုင်ငံတကာမှာလည်း သမဂ္ဂတွေရှိတယ်။ ကျွန်တော်ကတော့ သမဂ္ဂ ဖွဲ့စည်းခွင့် ပေးကို ပေးရမယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ်(ယာယီ)ဥက္ကဋ္ဌ၊ ရတနာပုံ တက္ကသိုလ် အင်္ဂလိပ်စာဌာန၊ ကထိကဦးသုတက မဇ္ဈိမကို ပြောသည်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂသည် ပထမအကြိမ်အဖြစ် ဇူလိုင် ၈ ရက်က ပညာရေးဥပဒေ မူကြမ်းဖျက်သိမ်းရန် ဆန္ဒပြတောင်းဆိုခဲ့သည်။

Most read this week